Professional Authors

သိကြားမင်းကြီးသိပါစေ

သို့ အဘ ဘိုးသိကြား ……

                      အဘရေ ဒီနှစ် သင်္ကြန်ကိုတော့ ရန်ကုန်ကို လာဖြစ်အောင်တော့လာပါနော်….. ပြောစရာလေးတွေရှိလို့ပါ…… ပြောစရာလေးတွေဆိုတာထက် တိုင်စရာလေးတွေရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်….. ဒီလိုအဘရေ သားမှာ ”နွေပိတောက်” လို့ခေါ်တဲ့ ချစ်သူမိန်းကလေးတစ်ယောက်ရှိတယ်ဗျ….. သူကဆံပင်ရှည်ရှည် မြန်မာဆန်ဆန်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတာ….. သူ့ကို စတွေ့ ပုံလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ…….ပြီးခဲ့တဲ့ သင်္ကြန်အတွင်းကဆိုပါတော့ သားလဲ အမေနဲ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်အပို့ သူကလဲသူ့အမေနဲ့ ဥပုသ်လာအယူ တွေ့ ကြတာ…… ဖူးစာပါတယ်လို့ပဲ ဆိုရလေမလားမသိ သူ့အမေနဲ့ သားအမေ နဲ့ က အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်….. ဟန်ကျလိုက်လေခြင်း…… ဒီလိုနဲ့သူတို့အိမ်အဝင်အထွက် ပါမစ်ကို လျှောက်လွှာတောင်တင်စရာမလိုတော့ သူ့ကိုနေ့တိုင်းတွေ့ ခွင့်ရခဲ့တယ်လေ…… တိုက်ပါများတဲ့သစ်ငုတ်တို တဖြည်းဖြည်းနဲ့လာသလိုပေါ့…… သိပ်မကြာပါဘူး သူ့ဆီက သားလိုချင်တဲ့အဖြေရခဲ့တယ်လေ…… ဇာတ်လမ်းနဲနဲ ရှည်သွားတယ် အဘရယ် လိုရင်းပဲပြောပါတော့မယ်…. ဒီလိုနဲ့ချစ်သူတွေဖြစ်ပြီးသိပ်မကြာပါဘူး သူ့ရဲ့ မြန်မာဆန်မှုလေးတွေက တဖြည်းဖြည်း မသိမသာပြောင်းလဲလာခဲ့တယ်…..ပထမကတော့ သူ့ရဲ့ ဆံပင်အရှည်လေးကို ညပ်လိုက်တယ်…သားလဲသူဒီလောက်နှစ်ကာလ ကြာရှည်စွာ တန်ဖိုးထားထိန်းသိမ်းလာခဲ့တဲ့ ဆံပင်ရှည်ကြီးကိုဘာလို့ညပ်လိုက်ရတာလဲလို့မေးလုက်တော့ ”ဖက်ရှင်ကျကျ ခေတ်နဲ့အညီလိုက်လျောညီထွေနေတတ်ရမယ်”တဲ့ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲရတာဆိုတော့ သားလဲ နားလည်ပေးလိုက်တယ်လေ… သိပ်မကြာပါဘူး နောက်တစ်ဆင့်ထပ်တက်လာတယ်… အခြားတော့မဟုတ်ဘူး သူ့ရဲ့ပိတုန်းရောင်ကေသာလေးကို အရောင်ဆိုးလိုက်တယ်လေ… ဒါလေးလဲရှိစေတော့လို့ဆိုပြီး သူ့အပေါ်အချစ်မလျော့ခဲ့ပါဘူး… ဒီလိုနဲ့တစ်ဆင့်ပြီးတစ်ဆင့် အဝတ်အစား ဒီဇိုင်း. အနေအထိုင်အပြောအဆိုလေးတွေ ပြောင်းလဲသွားလိုက်တာ မြန်မာဆန်ဆန်သိမ်မွေ့ မှုလေးတွေပျောက်သွားတဲ့အထိပါပဲ…..ပိုဆိုးတာတစ်ခုရှိတယ်ဗျ… ဘယ်ကနေဘယ်လိုအတတ်ကောင်းတွေ တတ်လာတာလဲမသိပါဘူးအဘရယ်…. ဆေးလိပ်တွေလဲသောက်တတ်လာတယ်…ဒါတင်ဘယ်ကအုံးမလဲ. ဘီယာတို့ အရက်တို့လဲ သောက်တတ်လာတယ်လေ….. ခေတ်မီအောင်နေတာကိုတော့ သားလက်ခံပါတယ်အဘရယ်… ဒါပေမယ့်သူ့အမူအရာ သူ့ပုံစံတွေကခေတ်လွန်တဲ့ဘက်ကိုတဖြည်းဖြည်းရောက်နေပါပြီ… ”မင်းသူ့ကိုမတားဘူးလား”လို့ အဘမေးကောင်းမေးနိုင်ပါတယ်.. ဟုတ်ကဲ့ သူ့ကိုနားဝင်အောင်ပြောပြီး တားပါသေးတယ်…စကားများပြီးရန်ဖြစ်တာပဲအဖတ်တင်တယ် ဒီကိစ္စကြောင့်ပဲ သူနဲ့ ပြတ်လုပြတ်ခင်လဲဖြစ်နေပါပြီ ဗျာ….. အခု ဒီသင်္ကြန်မှာလဲ သူက ရိုးရိုးအေးအေးလေးနဲ့ အရင်လို မဆင်နွှဲတော့ဘူးဗျ…. အရက်သောက် ဘီယာသောက် မူးရူးကခုန်နဲ့….ဒီကြားထဲ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား အန္တရာယ်တွေက တစ်မျိုးဆိုတော့…. စိတ်လဲပူတယ် စိတ်လဲညစ်တယ်အဘရေ…….သူဒီလိုလုပ်နေတာတွေကို အမေသာ သိသွားရင်တော့ သားတို့ နှစ်ယောက်ကို သဘောတူတော့မှာမဟုတ်ဘူး….သားသူ့ကိုဒီလိုနဲ့ လက်လွှတ် အဆုံးအရှုံးမခံနိုင်ဘူးဗျာ…. အဲဒါကြောင့် အမေ မသိခင်လေးရယ် အဘမပြန်ခင်လေးရယ်.. သူ့ကိုအမြန်ဆုံးလိမ္မာအောင် ဆုံးမပေးပါနော်…. ခေတ်ကြီးကတော့ဘာတွေ ဘယ်လိုဖြစ်သွားပြီလဲမသိပါဘူးဗျာ ….တော်တော်ကိုပြောင်းလဲသွားတယ်ဗျ…..သူ့ကို အပြစ်တင်ရမှာလဲအခက်သား ….. ခေတ်နဲ့စနစ်နဲ့ အရဆိုတော့လဲ……..
                        ခရီးရောက်မဆိုက် အဘကို ဒုက္ခပေးသလိုဖြစ်သွားရင်တောင်းပန်ပါတယ်နော်…. နှစ်သစ်သင်္ကြန် အကြို မှာအဘအလာကို အတာရေအိုး နဲ့စောင့်ကြိုလျက်…….
In: စကားပြေ Posted By: Date: Apr 15, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment