Professional Authors

အိမ်လွမ်းသူ

ကောင်းကင်ကြီးပေါ်ကနေ ရေစက်ရေပေါက်ကလေးတွေကျလာတာကို
“မိုးရွာတယ်” လို့ ခေါ်သတဲ့

ဒါဆို အခုအပြင်မှာမိုးတွေရွာနေတာပေါ့

ဂါဝန်ကားကားလေးနဲ့ ကလေးမလေးတစ်ယောက် ပြတင်းပေါက်နားကပ်ပြီးအပြင်ဘက်ကို ငေးကြည့်နေမိတယ်

သစ်ရွက်ကလေးတွေပေါ် မိုးစက်လေးတွေ တွဲလွဲခိုနေတာ
ရေစိုနေတဲ့ငှက်ကလေးက
သူ့အတောင်ပံတွေကို ဖောင်းဖောင်းပွပွကြီးဖြစ်အောင် လုပ်ပြီး ခိုက်ခိုက်တုန်နေတာ

လမ်းမပေါ်မှာ တခြားကလေးတွေ
မိုးရေချိုးရင်း သီချင်းတွေ ကို
ဟိုရောက်ဒီရောက်နဲ့
အော်ဆိုနေကြတယ်

“မိုး မိုး ဘာလို့ရွာ
ဖားအော်လို့ရွာ ..

မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင်နို့စို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ်”

မိုးရေငွေ့လေးတွေရိုက်နေတဲ့ မှန်ပြတင်းတံခါးပေါ်
ကလေးမလေးက သူမလက်သေးသေးလေးတွေနဲ့ စာလုံးလေးတွေ ရေးချလိုက်တယ်

“မေမေနဲ့ဖေဖေကို တွေ့ချင်တယ်”
တဲ့

(သူမ ဖေဖေနဲ့မေမေက မြန်မာပြည်နဲ့အဝေးကြီးက Japanဆိုတဲ့ နိုင်ငံတစ်ခုမှာ)

နှစ် ၂၀ နီးပါးကြာပြီးတဲ့နောက်
….

အပြင်မှာမိုးတွေရွာနေတာကိုငေးရင်း
မိုးရေငွေ့လေးတွေရိုက်နေတဲ့ ပြတင်းပေါက်မှန်ပေါ်
ကောင်မလေးတစ်ယောက်
စာလုံးလေးတွေရေးနေတယ်

“မေမေနဲ့ဖေဖေကိုတွေ့ချင်တယ်”
တဲ့

(သူမက မေမေနဲ့ဖေဖေရှိနေတဲ့မြန်မာပြည်ရဲ့အဝေးက Japan ဆိုတဲ့နိုင်ငံမှာ)

In: စကားပြေ Posted By: Date: Mar 2, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment