Professional Authors

ကြွေရုပ်ပုံပြင်

အချစ်ကို ဖွင့်ဟခွင့် မရှိတော့တဲ့ လူတစ်ယောက်…

အချစ်ကို တောင်းခံခွင့် မရှိတော့တဲ့ လူတစ်ယောက်…

အချစ်နဲ့ ပတ်သက်၊ ဆက်နွယ်ခွင့် မရှိတော့တဲ့ လူတစ်ယောက်ဆီကို…

အချစ်ဟာ မထင်မှတ်ဘဲ ရုတ်တရက် ရောက်လာခဲ့တယ်… … …။

*** *** *** *** *** *** *** *** *** *** *** *** *** *** ***

ဓါတ်လှေကား တံခါး အပိတ်မှာ ဖြတ်ကနဲ တွေ့လိုက်တဲ့ လူရိပ်ကြောင့်  Open button ကို နှိတ်ပြီး

ပြန်ဖွင့်ပေးလိုက်မိတဲ့အခါ…

ဆံပင်ရှည်ရှည်၊ ဘောင်းဘီတိုတိုနဲ့ ကောင်မလေးတစ်ယောက်… ပြီးတော့

ကြွေရုပ်လေးတစ်ရုပ် ဓါတ်လှေကားထဲကို ရောက်လာပါတယ်။

တဒင်္ဂလေးပါ။

တကယ့်ကို မိနစ် နည်းနည်းလေးပါ။

အဲဒီ့ မပြောပလောက်တဲ့ အချိန် အနည်းငယ်လေးအတွင်းမှာ… 

လူကတော့ ကျောက်ရုပ်တစ်ရုပ်ပေါ့။

ဒါပေမယ့်… ရင်တစ်ခုလုံးဟာ ၀ုန်းဒိုင်းကျဲ ၊ ဆောက်တည်ရာမဲ့ ဖြစ်နေခဲ့တယ်။

(၁၃)ထပ်မှာ ဓါတ်လှေကားရပ်တော့ သူငယ်ချင်း ကောင်မလေးက အရင်ထွက်တယ်။ ပြီးတော့

ကြွေရုပ်လေး လှမ်းအထွက်မှာ…

” ညီမလေး “

” ရှင် “

” တစ်ခုလောက် Request လုပ်ချင်လို့ပါ။ Gentleman Request ပါ။ “

” ဟုတ်… ပြောပါရှင့် “

” ဖုန်းနံပါတ်လေး ပေးပါလား ညီမလေး…! “

ကမ္ဘာပေါ်မှာ အလှဆုံး အပြုံးလေး(ရှက်ပြုံးလေး)တစ်ခုကို တွေ့လိုက်ရသလိုပဲ။

ပြီးတော့ ဖုန်းနံပါတ်လေးတစ်ခုဟာ အကြားအာရုံကနေ ဘယ်ဖက်ရင်အုံ အတွင်းပိုင်း တစ်နေရာအထိ

စီးမျောပျော်ဝင်သွားခဲ့တယ်။

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

စိတ်ကူးယဉ်တယ် ဆိုတာ စိတ်ကူးထဲမှာတော့ ပျော်ရွှင်ဖွယ်ရာတွေချည်းပဲပေါ့လေ။

တကယ်လက်တွေ့မှာတော့ စိတ်ကူးထဲကအတိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။

အကောင်းဆုံးတွေကို မျှော်လင့်ခဲ့ပေမယ့် အဆိုးဆုံးတွေလည်း ဖြစ်လာတတ်တာပဲ…။

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

” ညီမလေး “

” ရှင် “

” တစ်ခုလောက် Request လုပ်ချင်လို့ပါ။ Gentleman Request ပါ။ “

” ဘာပါလိမ့် ” ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်တယ်။

” ဖုန်းနံပါတ်လေး ပေးပါလား ညီမလေး…! “ 

” အင်… ဘာလို့ ပေးရမှာလဲ…! “

 အဲဒီ့အခါ…

 အရှက်သည်းတတ်တဲ့ သူဟာ အရှက်ကြီး ရှက်မိမယ်။

 ခန္ဓာကိုယ်ထဲ ရှိသမျှ အားအင်တွေ ကုန်ခမ်းသွားသလို ခံစားရလိမ့်မယ်။

 တိုးလျလျ… ဒါပေမယ့် ပီပီသသ…

 ” သြော်… Sorry နော်။ “ 

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

ဘာလိုလိုနဲ့…

မင်းလေးကို ကိုယ် မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရတာ တစ်လတောင် ရှိခဲ့ပြီနော်…

တစ်နေ့မှ မမေ့ခဲ့ပါဘူး… ခလေးရယ်။

ငြင်းပယ်ခံလိုက်ရတဲ့အခါ ဖြစ်ပေါ်လာမယ့် စိုးရွံ့၊ သိမ်ငယ်စိတ်ကို မလိုချင်သလို…၊

မငြင်းပယ်ခဲ့လို့ ရရှိဖြစ်ပေါ်လာမှာတွေကိုလည်း အကြောက်ကြီး  ကြောက်နေခဲ့မိတယ်…။

မင်းလေးရဲ့ တန်ဖိုးရှိလွန်းတဲ့ အချိန်တွေ၊ ပျိုမျစ်နုနယ်ခြင်းတွေကို ကိုယ်လိုလူတစ်ယောက်ဆီမှာ

မကုန်ဆုံးစေချင်ဘူး။

ပန်းတိုင်မရှိတဲ့ ခရီးကို လျှောက်လှမ်းသူတစ်ယောက် မဖြစ်စေချင်ပါဘူး…။

တချိန်ချိန်မှာ…

မျက်နှာထားတင်းတင်း၊ လေသံပြင်းပြင်းနဲ့…

” ကျမရဲ့ အချိန်တွေကို နှမြောလိုက်တာ “ လို့ ပြောလာတဲ့အခါ…

ကိုယ်… ဘယ်လိုမှ ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး။

အဲဒီ့အတွက်…

မြင်ကွင်းထဲက ပျောက်ကွယ်သွားချိန်အထိ…

ကိုယ်…

ငြိမ်သက်တိတ်ဆိတ်နေခဲ့ရတာ…

အေးစက်မာကျောနေခဲ့ရတာပါ…

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

ကံကြမ္မာရဲ့ ချစ်စရာကောင်းလွန်းတဲ့ နောက်ပြောင်၊ ကျီစယ်မှုတစ်ခုလို့ပဲ မှတ်ယူလိုက်ပါတော့မယ်။

အဲဒီ့နေ့က…

ကိုယ်သာ တမိနစ်လောက် စောခဲ့ရင်… ဒါမှမဟုတ်

ခလေးတို့သာ တမိနစ်လောက် နောက်ကျခဲ့ရင်… ဒါမှမဟုတ်

ကိုယ်သာ ဓါတ်လှေကားတံခါးကို ဖွင့်မပေးခဲ့ရင်… … …

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

ကျွန်းလေးတစ်ကျွန်းထဲပေါ်မှာ အတူရှိနေကြတယ် ဆိုတဲ့ အသိဟာ ရင်ကို ထိစေတယ်။

ရှာဖွေဖို့ ဆိုတာ…

တွေ့ရှိဖို့ ဆိုတာ…

နောက်တစ်ကြိမ် ဆိုတာ…

ကိုယ့်မှာ အခွင့်မရှိပါဘူး… ခလေးရယ်။

Line ပေါ်ကနေ ဆင်းခွင့်မရှိတဲ့ သူတစ်ယောက်… Line ပေါ်မှာပဲ နာကျင်၊ ကြေကွဲနေပါတော့မယ်။


” မျက်ရည်ဆိုတာ နှလုံးသားက လျှံတက်ပြီး မျက်ဝန်းထဲက ထွက်ကျလာတဲ့ သွေးတွေပါ… “

*** *** *** *** *** *** *** *** *** *** *** *** *** *** *** *** *** ***

 

တကယ်တော့…

အဲဒီ့နေ့က ဓါတ်လှေကားထဲက ထွက်သွားတာ မင်းတို့နှစ်ယောက်ထဲ မဟုတ်ပါဘူး…

ငါ့ရင်ဘတ်ထဲက အရမ်းချစ်တတ်တဲ့ အရာတစ်ခုဟာလည်း မင်းနဲ့အတူ ပါသွားခဲ့ပါပြီ ကြွေရုပ်လေးရယ်…။


လောင်ကျွမ်းနေသော ကြယ် 

 

In: စကားပြေ Posted By: Date: Dec 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment