Professional Authors

PoemsCorner Authors

အရုဏ်တက်မင်္ဂလာ

“အရုဏ်တက်မင်္ဂလာ”

ညဥ့်ယံကိုလွန်မြောက်လာသော အရုဏ်တက်ဆည်းဆာချိန်ကားတိတ်ဆိတ်နှင့် လှပနေ၏။ ငှက်ကလေးအချို့အဝက်၏ ကျီကျီကျာကျာ အော်မြည်သံ၊ သွပ်ခေါင်မိုးပေါ်သို့ မိုးရေစက်တို့တစက်ချင်းကျသံ နှင့် လူသံဆိုလို့ နံနက်ခင်းဈေးသည်အချို့ ဈေးချိန်မီအောင် ကသုတ်ကရက်သွားနေသော ဖိနပ်သံမှ အပ အခြားမည်သည့်အသံမျှ မကြားရ။

တရုတ်ကပ်မှန်ပြူတင်းက ဖြတ်ဝင်လာသော မိုးငွေ့ပါသည့် လေနုအေးလေးက နိုးလျက်ပြန်နှပ်နေသော တင်မေသွယ် အား ‘ဆက်အိပ်လိုက်ပါတော့လား’ ဟု ကြည်စယ်နေသလို။ မိုးစက်လေးတတောက်တောက် တဖျောက်ဖျောက်နှင့် လေငွေ့အေးအေးကလေးကလည်း ထောက်ပံ့ပေးထားတော့ တင်မေသွယ် တစ်ယောက် စောင်ပုံထဲကို ခေါင်းကလေးပု ခြေထောက်ကလေးကွေးလို့ မိုးရဲ့အနှစ်သာရနှင့်အပြိုင် ကောင်းကောင်းကြီး ဇိမ်ခံနေပါတော့သည်။

အခန်းပေါက်ဝက ခြေသံနှင့်အတူ‘ဆွမ်းချက်ရန် ထတော်မူပါ့ ဘွန္တော သဗ္ဗ္ဗူရိသအပေါင်း သူတော်ကောင်း တို့’ ဆိုသော ဓမ္မာရုံမှ ဘွန္တောသီချင်း တပြိုင်နက်ထဲ ကြားလိုက်ရချိန်မှာတော့ တင်မေသွယ်တစ်ယောက် စောင်ပုံထဲမှ ခေါင်းထောင်ထလာရပါပြီ။

“သမီး မိသွယ် မထသေးဘူးလား၊ ဓမ္မာရုံက ဓာတ်စက်ဖွင့်နေပြီ”

“ဟုတ်၊ မေ့ ထပြီ”

မိခင်ဖြစ်သူအမေးကို ပါးစပ်ကလည်းဖြေ လူလည်းအိပ်ယာက တပြိုင်နက်ထဲ ထ လိုက်ရသည်။

မျက်နှာသစ် သွားတိုက်ပြီး သဘက်ကလေး ပခုံပေါ်တင်လို့

အိမ်နဲ့မလှမ်းမကမ်းက ရပ်ကွက်ဓမ္မာရုံကို ဝါတွင်းအရုဏ်ဆွမ်းလောင်းလုပ်အားပေးဖို့ အိမ်ကထွက်လာခဲ့သည်။

ဓမ္မာရုံအထဲတွင်မတော့ သူငယ်ချင်းအပျိုပေါက်မ နှစ်ယောက် ကြိုရောက်လို့နေပါပကော။

“ဟဲ့ မိသွယ်၊ နင်က နောက်ကျလှချည်လား၊ သနပ်ခါးတောင်မပါဘူး။ ဘယ်လိုဖြစ်တာလဲ”

အပေါက်ဝ မရောက်ခင်ကတည်းက သူငယ်ချင်းဖြစ်သူ သင်းသင်းလှိုင်က လှမ်းအော်မေးနေ၏။

ဘေးနားက ဆုမြတ်မွန်က “ရှူးတိုးတိုး” ဟု သင်းသင်းလှိုင်ကို လက်တို့၏။

“အေး မိုးကောင်းကောင်းနဲ့ နှပ်နေတာဟေ့ သနပ်ခါးတော့ လိမ်းတော့ဘူး အေးလို့”

“နင့်ကြည့်လိုက်ရင်အမြဲ အဲ့လိုပဲ ဘုန်းကြီးဆွမ်းလောင်းတာ သနပ်ခါးလေးဘာလေးနဲ့မှ ကျက်သရေရှိမှာပေါ့ ဟ”

“အို ဘုန်ကြီးဆွမ်းလောင်းတာပဲ သနပ်ခါးလိုပါဘူး ဘွားဘွားက ဘုန်းကြီးတွေနဲ့တွေ့ခါနီးဆိုရင် အလှပြင်တာကြိုက်ဘူး။ ဘာတဲ့ ဘုန်းကြီးကို မြှူဆွယ်သလိုဖြစ်မယ်ဆိုလားဘာလား နင်တို့ ဒါတွေသိပါဘူး”

တင်မေသွယ် ခပ်တည်တည်ဖြင့် ဘွားဘွားဆီက ကြားဖူးနားဝ စကားလုံးနဲ့ ဖိန့်လိုက်တော့ သူငယ်ချင်းမနှစ်ယောက် ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။

တခါတခါ သူတို့ မသိသောစကားလုံးများ ထိုကဲ့သို့ပင် တင်မေသွယ်ထံမှ ကြားရတတ်သည်။

ထိုအခါမျိုးတွင် ငြိမ်၍ ဟုတ်နိုးနိုးဖြင့် နားထောင်တတ်ကြသည်။

တင်မေသွယ်၊ သင်းသင်းလှိုင်နှင့် ဆုမြတ်မွန်တို့ သူငယ်ချင်းသုံးယောက်မှာ စမ်းချောင်းဦးရွှေမှန်ရပ်ကွက်၏ ငယ်မွေးခြံပေါက် ပွဲတိုင်းကျော် ကလေးများဖြစ်ကြသည်။ တင်မေသွယ့်မိဘများက ဝန်ထမ်းများဖြစ်ပြီး သင်းသင်းလှိုင်နှင့် ဆုမြတ်မွန်တို့ မိဘများက ဈေးသည်များဖြစ်ကြသည်။ ဦးရွှေမှန်ရပ်ကွက်သည် ဘာသာစုံလူမျိုးစုံအဆင့်အတန်းမျိုးစုံနေထိုင်သလို လုပ်ငန်းလည်းမျိုးစုံလုပ်ကိုင်ကြသည်။

အများစုမှာ ဖိနပ်ချုပ်လုပ်ငန်း၊ ခေါင်းရွက်ဗျက်ထိုး၊ ကုန်စိမ်းကုန်ခြောက် ရောင်းဝယ်ရေးများ/လုပ်ကိုင်ကြသည်။

ပညာတတ်ဘွဲ့ရဆိုသည်မှာ လက်ချိုးရေလို့ရသည်။ ထိုအထဲတွင် တင်မေသွယ့်မိဘများလည်းပါကြသည်။ ပညာတတ်သည့်အပြင်ဘာသာရေးအတန်အသင့်လည်းလိုက်စားကြလေသည်။

ထို့ကြောင့် တင်မေသွယ် ပြောလျှင် ကျန်သူငယ်ချင်းများ ပါးစပ်အဟောင်းသားနှင့် နားထောင်ရစမြဲဖြစ်သည်။

“ကဲ ကလေးတွေ လာ လာ ဘုန်းကြီးတွေက ကြွလာတော့မှာ”

“ဟော လှော်လှော်ကြီးခေါ်နေပြီဟေ့ သွားရအောင်”

ဓမ္မာရုံအတွင်းရေးမှူးတဖြစ်လဲ နိဗ္ဗာန်ဆော်ကြီး ဦးရွှေလှော်ကို လူကြီးကလေးမကျန် ချစ်စနိုးဖြင့် ‘လှော်လှော်’ ဟု ခေါ်ကြသည်။ တကယ်လည်းချစ်ဖို့ကောင်းသည်။ ဓမ္မာရုံမှနေပြီး လှော်လှော်ကြီး အလှူခံသည့်အသံကို ကြားလျှင် ကြားရသည့်သူတိုင်းလည်း လှူချင်ကြသည်။ လှူချင်အောင်လည်း ပြောတတ်သည်။ နိဗ္ဗာန်ဆော်အရည်အချင်းနှင့်ပြည့်စုံတယ် ဆိုရမလားပင်။

ဓမ္မာရုံထဲတွင် ဆွမ်းလောင်းဖို့ လူကြီးများ လူစုံ တက်စုံ ရောက်နေကြပြီဖြစ်သည်။

မိုးတွင်းကြီးဖြစ်လို့ အလှူခံသူရော ဆွမ်းလောင်းသူပါအဆင်ပြေရအောင် ဓမ္မာရုံထဲတွင်ပဲ ဆွမ်းလောင်းဖို့စီစဉ်ထားသည်။

တန်းလျားထိုင်ခုံတွေပေါ်မှာ ပြင်ထားသော ဆွမ်းတောင်းများက အငွေ့တထောင်းထောင်းဖြင့် ကစီနံ့လေး မွှေးပျံနေ၏။

ကပ်လျက် စားပွဲအမြင့်ပေါ်တွင်တော့ ဆွမ်းပင့်ထားသော ကျောင်းတိုက်ပေါင်း ၁၆ တိုက်မှ ဆိုင်ရာဆိုင်ရာ ဆွမ်းဟင်းချိုင့်များ စီတန်းလျက် အလွန်ကျက်သရေရှိလှသည်။ ဆွမ်းဟင်းချိုင့်ထဲတွင် မနေ့ညကတည်းက ချက်ထားတဲ့ ဆွမ်းဟင်းများ ထည့်ထားပြီးသားဆိုတာကို ဘယ်သူမျှပြောပြစရာမလိုအောင် သိပြီးဖြစ်သည်။

တင်မေသွယ့်အနေဖြင့် ထိုဆွမ်းဟင်းချိုင့်များ ဆွမ်းတောင်းများ စီတန်းထားတာတွေ့လျှင် ဘာကိုသဘောကျလို့ကျမိမှန်းမသိ၊ စိတ်အတွင်း အကြိမ်ကြိမ်ကြည်နူးမိ၏။

တင်မေသွယ်တို့ ရပ်ကွက် ဓမ္မာရုံဖြစ်တဲ့ မာန်အောင် မှာ ဝါတွင်း/ဝါပ တစ်နှစ်လျှင် ၁၀ကြိမ် တစ်ပတ်ခြား တနင်္ဂနွေနေ့ နံနက်တိုင်း အာရုဏ်ဆွမ်းလောင်းလှူလေ့ရှိကြသည်။ တနင်္ဂနွေလှူဖို့အတွက် စနေနေ့ နံနက်ပိုင်းကို ရပ်ကွက် အတွင်း လှည့်လည် အလှူခံကြရသည်။

တင်မေသွယ့်အဖေက ဂေါပက အဖွဲ့ဝင်ဆိုတော့ ငယ်ငယ်ကလေးဘဝကတော့ အလှူခံသည့်နေရာကို လိုက်သည်။ နောက်ပိုင်းကျောင်းနေသည့်အရွယ်မှ စပြီးအလှူခံမလိုက်တော့။

ရပ်ကွက်ထဲက အစ်မကြီးများ အဒေါ်ကြီးများနှင့်အတူ ဓမ္မာရုံတွင်ပဲ ဝိုင်းကူညီ လုပ်ကိုင်ပေးသည်။

စနေနံနက်ပိုင်းအလှူခံရငွေနှင့်ဈေးဝယ်ပြီးသည့်အချိန်လောက်ဆိုလျှင် လော်စပီကာဖြင့်အော်စရာမလို တစ်အိမ်တစ်ယောက်အနည်းဆုံးရှိသမျှအမျိုးသမီးများ ကိုယ့်အိမ်မှ စကောများ၊ ဓားဦးချွန်လေးများယူလာပြီး ဓမ္မာရုံကိုလာကြသည်။

ဆွမ်းချက်ရန်ဝယ်လာသော ဆန်ကို ကိုယ့်စကောဖြင့်ကိုယ်ထည့်ပြီး ပြာသည့်သူက ပြာ၊ စပါးလုံးကောက်သူကကောက်၊ ဝယ်လာသော အသီးအနှံများကို လှီးသူက လှီးဖြင့် ကျရာတာဝန်ကို အပြိုင်အဆိုင်ကျေအောင်လုပ်ကြသည်။ ထိုနေ့ လုပ်အားပေးလာသော ကလေးများနှင့် အမျိုးသမီး၊ အမျိုးသားများကို ဓမ္မာရုံက နေ့လည်စာပြန်ကျွေးလေ့ရှိသည်။

သို့သော် တင်မေသွယ် စားခဲသည်။ မစားချင်လို့မဟုတ်။ ထိုကဲ့သို့ လူအများနှင့်တစုတဝေးထဲ စားရတာ သိပ်ပျော်သည်။ စား၍လည်း မြိန်သည်။

သို့သော် ထိုသို့စားခဲ့လျှင် အိမ်ပြန်ရောက်လျှင်အဆူခံရသည်။ ပေါင်တွင်းကြောလိမ်ဆွဲခံရသည်။ ဘွားဘွားကမကြိုက်။ လုပ်အားပေးပေး မပေးပေး သူများလှူတာကို အလကား မစားရ၊ ငါးပါးသီလယူပြီးမှ စားရမည်ဟု ပညတ်ထားသည်။

မဟုတ်လျှင် ‘သံတွေခဲတွေမျိုရသလို ငရဲကျတတ်သည်’ လို့ ခဏခဏ ပြောလွန်း၍ အခါတိုင်းမစားဖြစ်။

ငရဲကြောက်လို့တော့မဟုတ်၊ ငရဲထက်လက်သွက်သော ဘွားအေ၏ အခေါက် အလိမ် အဆွဲ ကို ကြောက်၍ဖြစ်သည်။

ပြီး ဓမ္မာရုံကနေ အိမ်ကို ဟင်းတွေလှမ်းလှမ်းပို့တတ်သော အန်တီစန်းတို့လိုအဒေါ်ကြီးအချို့ကို အမြင်ကတ်လို့လည်းဖြစ်သည်။

တခါတခါတော့ ထိုလူတွေကိုကြည့်ပြီး “သံတွေခဲမျိုမယ့်ဟာတွေ” လို့ တင်မေသွယ် ပွစိပွစိပြောမိသည်။

သူငယ်ချင်းနှစ်ယောက်ကြားတော့ ဘာလဲ မေးသဖြင့် ရှင်းပြခဲ့ဖူးသည်။ သို့သော်သူတို့က ပါးစပ်မလုံကြ။

ထို့ကြောင့် တင်မေသွယ့်ကို “ကလေးတန်မယ့် စကားကြီးစကားကျယ်ပြောတဲ့ ကလေး”လို့ မဲ့ကာရွဲ့ကာ ပြောတာ ကြုံရဖူးသည်။

တင်မေသွယ်ကတော့ စိတ်ထဲသိပ်မထား၊ ကွယ်လွန်သွားတဲ့ သူ့ဘိုးဘိုး ဆုံးမခဲ့တဲ့စကားကို အသေအချာ လိုက်နာကျင့်သုံး၏။သိပ်ကြီးနားလည်လို့တော့မဟုတ်၊ ဘိုးဘိုးပြောပုံကို သဘောကျ၍ ဖြစ်သည်။

ဘိုးဘိုးက သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် တဲ့။ တင်မေသွယ် သဘောကျလိုက်သည့်ဖြစ်ချင်း။

“……..ကျောင်း တဲ့ဟေ့” အန်တီစန်းအသံကြားမှ တင်မေသွယ့် စိတ် အသိပြန်ဝင်လာ၏။

အတွေးလွင့်သွားတာ ဘယ်ဘုန်းကြီးကျောင်းမှန်းမသိ။

သြော် ဒါ့ကြောင့်လည်း လူကြီးတွေက ‘စိတ် စိတ်’ လို့ ပြောကြတာကိုး ဟု သဘောကျမိသေးသည်။ ဓမ္မာရုံမရောက်ခင်

တစ်လမ်းကျော်တွင် သွက်သွက်လက်လက်လူငယ်တစ်ယောက်ကိုအကြိုတစ်ယောက်ထားထား၏။

သံဃာတော်များကြွလာပါက ထိုတစ်ယောက်က “ဘယ်ကျောင်းကပါလဲ ဘုရား” လို့ မေးပြီး ကျာင်းတိုက်အမည်သိရပါက ဓမ္မာရုံဖက် လှမ်းအော်ပြောရသည်။

ထိုအခါ နိဗ္ဗ္ဗာန် ဆော်ကြီး လှော်လှော်က “…… ကျောင်းက သံဃာတော်များ ဆွမ်းခံကြွလာပါပြီ ခင်ဗျား” ဟု မိုက်ကရိုဖုန်းကနေ အော်ရသည်။

အိမ်မှ ကြည်ညိုသူများကြည်ညိုနိုင်စေရန်လို့ ဆိုသည်။

တင်မေသွယ်တို့လို ကိုယ်တိုင်ဆွမ်းလာလှူသူများကတော့ ထိုအသံကြားပါက ဆွမ်းခူးပေးထားသော ဇလုံလေးတွေ ကိုင်ပြီး တန်းစီစောင့်ကြရသည်။

တစ်ပါးစီတစ်ပါးစီ စီတန်းကြွလာသော သံဃာတော်များကို တစ်ဦးချင်း ဆွမ်းတစ်ဇလုံစီ လောင်းလှူကြရသည်။

ဆွမ်းခူးသူကခူး၊ ဆွမ်းလောင်းသူကလောင်း ဖြင့် တက်ညီလက်ညီ လှုပ်ရှားကြသည်မှာ ပျော်စရာ။

တခါတခါ သံဃာအပါးရေများသော ကျောင်းတိုက် နှစ်ကျောင်း သွားဆုံပါက ဆွမ်းလောင်းသူများ နားချိန်မရ။အသက်ရှူချိန်ပင်မရကြပေ။

သံဃာတစ်ပါးပြီးတစ်ပါး ဆက်တိုက်မလှမ်းလျှောက်နိုင်ပဲ ဆွမ်းကို ရပ်စောင့်နေရပါက အပြစ်ကြီးတစ်ခုလို ခံစားကြရသည်။

ကိုယ့်အလှည့်ကျမှ ကိုယ့်ရှေ့ရောက်မှ သံဃာတန်းရပ်သွားသည်ကို မဖြစ်လိုကြ။

ထို့ကြောင့် တက်ညီလက်ညီဖြင့် မနားတမ်းလှုပ်ရှားကြသည်။

သို့သော် မျက်နှာကလေးများက ပြုံးနေ၏။ အသံလေးများက ချိုနေ၏။

တမင်တကာလုပ်ယူထားသောအပြုံးမဟုတ်ဘဲ အလိုလို ပြုံးလျက်မိသား ဖြစ်ဖြစ်သွားကြတာမျိုးဖြစ်သည်။

ဆွမ်းလောင်းအပြီး ဘုရားရှိခိုးအမျှဝေရသည်မှာလည်း အတွေ့အကြုံ တစ်မျိုးဖြစ်၏။

ဘာ့ကြောင့်မှန်းမသိ ‘အားလုံးကြားကြားသမျှ’ ဆိုသည့်နေရာရောက်လျှင် တင်မေသွယ်တို့ သူငယ်ချင်းတစ်သိုက် တစ်ဦးထက်တစ်ဦး ပိုကျယ်ကျယ် အော်ကြသည်။ ကိုယ့်အသံကြားမှပဲ ကျန်သူများ အမျှ ရတော့မလိုလို။

အမျှဝေပြီးဓမ္မာရုံသန့်ရှင်းရေးလုပ်ပြီးလျှင်တော့ တစ်ဦးထက်တစ်ဦး ဆွမ်းလောင်းပုံကို အပြိုင်အဆိုင်ပြောရသည်မှာ အရသာ။

ကိုယ်ကပဲ ပိုပြီးကုသိုလ်ထူးတွေရသလို ခံစားကြရသည်။ ပျော်လည်းပျော်စရာကောင်းသည်။

စိတ်ထဲတွင်လည်း တစိမ့်စိမ့်ဖြင့် ဘာကို သဘောကျလို့ သဘောကျမိမှန်းမသိ။

လူကြီးသူမများပြောသော ‘ပီတိဖြစ်သည်’ ဆိုတာမျိုးလားတော့ တင်မသွေယ် မခွဲခြားတတ်သေး။

သို့သော် အရုဏ်ဆွမ်းလှူဖို့ လုပ်အားပေးရတာ၊ ဆွမ်းလောင်းရတာကိုတော့ တင်မေသွယ် သဘောကျသည်။

သူငယ်ချင်းများလည်း သဘောကျကြလိမ့်မည်ဟု ယုံကြည်သည်။

အသက်တွေကြီးလာသည်အထိ အရွယ်တွေရောက်လာသည်အထိ အရုဏ်ဆွမ်းလှူခြင်း၊ လောင်းခြင်း ကို ဒီဓမ္မာရုံတွင် မပျက်တမ်းလုပ်ကြမည်ဟုလည်း သူငယ်ချင်းအချင်းချင်း ကတိ ထားကြသေးသည်။

ဟုတ်လဲဟုတ်သည်။ သုံးလေး ငါးနှစ်ကတည်း ဓမ္မာရုံမှာဆွမ်းလောင်းလာကြသည်မှာ ယခုအပျိုပေါက်အရွယ်ထိ တစ်နှစ်မှ တစ်ဝါမှ မပျက်ကွက်ကြသေး။

ကုသိုလ်တွေ အကုသိုလ်တွေ သိကြလို့မဟုတ်၊ ဆွမ်းလောင်းရသည့် ကြည်နူးမှု ကို သဘောကျက္ဗြ္ဗ၍ဖြစ်သည်။

ဓမ္မာရုံလူကြီးများတော်ကြသည်။ တင်မေသွယ်တို့ ကလေးတွေ ဓမ္မာရုံထဲ ပြေးဆော့နေသည့်အရွယ်ကတည်းက “သမီးလေးဒါလေးကူပါဦး၊ ဟိုဟာလေးလုပ်ပေးပါဦး” ဆိုပြီး တာဝန်သေးသေးလေးတွေက စခိုင်းပြီး ကုသိုလ်ရေးဖက်ကိုမသိမသာကျုံးသွင်းပေးကြသည်။

အမှားအယွင်းဖြစ်သွားလို့ ဘယ်တော့မှ အဆူမခံရ။ ပန်းကန်ကွဲသွားတာမျိုး ပစ္စည်းလွတ်ကျတာမျိုးဆိုလည်း “သမီးတမင်လုပ်တာမှမဟုတ်တာ စိတ်မကောင်းမဖြစ်နဲ့ ဘာမှမဖြစ်ဘူး” လို့ နှစ်သိမ့်တတ်ကြသေးသည်။

တခါတခါတော့ ကြွက်စီကြွက်စီလုပ်လို့ဆိုပြီး လှော်လှော်က“ညည်းတို့တွေ သိပ်စကားများကြတာပဲ ငါရပ်ကွက်ထဲကို လော်စပီကာနဲ့ အော်လိုက်ရမလား” ဟု ချစ်စနိုးစနောက်တာမျိုးတော့ရှိသည်။

ယခုလည်း လှော်လှော်ကြီး မိုက်ကရိုဖုန်းဖြင့် အော်ဖို့ လုပ်နေပြန်ပါသည်။ တင်မေသွယ်တို့ကိုတော့မဟုတ်။ ဆွမ်းခံကြွလာသောကျောင်းတိုက်အမည်အော်ဖို့ဖြစ်သည်။ တင်မေသွယ်တို့လည်း ဆွမ်းလောင်းဖို့ အသင့်အနေအထားဖြစ်နေကြပြီ။

“မင်္ဂလာအေးကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်များ ဆွမ်းခံကြွလာပါပြီခင်ဗျား”

နံနက်ခင်းအရုဏ်တက်အလင်းနှင့်အတူ နိဗ္ဗာန်ဆော်ကြီး၏ အသံက အောင်မြင်စွာ၊ ခန့်ညားစွာ၊ မင်္ဂလာရှိစွာဖြင့် ထွက်ပေါ်လာပါ၏။

တကယ်လည်း ကျက်သရေမင်္ဂလာရှိပါ၏။

မေတ္တာဖြင့်

ရှင်သစ္စာသံစဉ် (10th August 2014- 4:32am)

In: စကားပြေ Posted By: Date: Aug 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment