Professional Authors

တိတ်ဆိတ်ခြင်းမှတ်စု (ဖြိုးဖြိုး)

သူ့ရဲ့ ဖြတ်သွားဖြတ်လာ ညည်းတွားရေရွတ်မှုတွေနဲ့ (ကျေနပ်စွာ) ပန်ဆင်နေထိုင်ခဲ့ဖူးတဲ့ သူမအတွက် ဒီနေ့ဟာ အခြားနေ့တွေထက်ပိုပြီး အမြဲတမ်း ထူးထူးခြားခြား လှပနေလေ့ရှိတယ်.. လစ်လီပန်းအဖြူလေးတွေ အပါအ၀င်
အလေ့ကျပေါက်နေကြတဲ့ ‘ဒန်ဒယ်လိုင်းယန်း’ ကစလို့ ဖြူနီပြာဝါ အစရှိတဲ့နွေဦးပန်းတွေဟာ လှရုံလေး ပွင့်လို့.. နွေရာသီရဲ့ နေရောင်ခြည်ဟာလည်း နွေးရုံလေးထွေးလို့.. ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းတွေဟာလည်း ကြားရုံလေးခြွေလို့..

စိတ်ညစ်မနေတာဟာ ပျော်ရွှင်မှုဆိုရင် တစ်ကြိမ်တစ်ခါသာ ဖြတ်သန်းသွားခွင့်ရှိတဲ့ ဒီဘ၀မှာ သူထားခဲ့တဲ့ သီချင်းတွေ ပုံပြင်တွေ ရုပ်ရှင်တွေ ကြားထဲ ပြောပြဖူးတဲ့ သူကိုယ်တိုင်ရဲ့ ညဦးယံတွေအကြောင်း စပယ်ဖူးလေးတွေအကြောင်း တွေးရင်း

ပျော်လို့ရွှင်လို့ပါပဲလို့ ဖြေရမှာပါပဲ.. တကယ်တော့ “ထားခဲ့တယ်” ဆိုတာထက် သူ့ရဲ့ ” ဖြတ်သွားဖြတ်လာ ညည်းတွားရေရွတ်မှုတွေထဲက အပိုင်းအစ တစ်ချို့” ဆို ပိုမှန်မယ်ထင်ပါတယ်.. အရာအားလုံးဟာ မှုန်ဝါးဝါးဖြစ်ရမယ့်အချိန်တစ်ခုကို ကျော်သွားတာတောင် ပြန်တွေးလိုက်တိုင်း သူမအတွက်တော့ကြည်လင်ပြတ်သားနေတုန်းပါပဲ..

တကယ်ဆို သူ့အတွက် ဒီလို အဆက်အစပ်မရှိ စာတစ်ပုဒ် ရေးမယ်လို့ မရည်ရွယ်ခဲ့တာ အမှန်.. ဒီလိုပါပဲလေ သူနဲ့ ပတ်သက်ပြီးသူမ ရည်ရွယ်တာတွေလည်း ဖြစ်မလာခဲ့ပါဘူး..

အရာရာကို အသိ နောက်ကျလေ့ရှိသူမို့ အခုလည်း “thanks for everything” ဆိုတာ ပြန်မဆုံတော့မယ့် ခွဲခွာမှုအတွက် နှုတ်ဆက်စကား တစ်ခုဆိုတာ ရက်ပေါင်း ခုနစ်ရာ နှစ်ဆယ့်တစ်ရက် ရှိသည့်တိုင် သူမ သဘောမပေါက်ချင်သေး ..
ဆိုတော့လည်း သူမအတွက် ၀မ်းနည်းခြင်းဆိုတာ “ရှင်းပြချင်တဲ့ အကြောင်းအရာတွေ” .. “မပြောဖြစ်လိုက်တဲ့ စကားတွေ” “မမေးဖြစ်/ရက်တော့မယ့် မေးခွန်းတွေ” ဖြစ်လာတာ သိပ်တော့လည်း မဆန်းကြယ်လှပါ..

မိုးရွာတုန်း ပြေးရင်းလွှားရင်း မိုးခိုရင်း တွေ့ကြတဲ့သူတွေလို ငေးရင်းမောရင်း မျက်လုံးလေး ဆုံမိလိုက်ရုံ သိခဲ့ကြသူများလိုမို့ တကယ်ဆိုရင် “ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ” ဆိုတဲ့ ဆုတောင်းဟာလည်း အရေးတယူ မလိုအပ်ဘူးမဟုတ်လား..

ဒါပေမယ့်လည်း သူမရဲ့ တိတ်ဆိတ်ခြင်းတိုင်းဟာ သူမရဲ့ စိုးရိမ်ခြင်း၊ ချစ်ခြင်း တွေရဲ့ အဝေးမှာ ရှိနေတဲ့ သူ့အတွက် ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းတွေသာဖြစ်ကြောင်း …………………………………

In: စကားပြေ Posted By: Date: Apr 24, 2014
Comment #1

Nice (y)

commentinfo By: ST at Dec 1, 2014
Comment #2

သူမရဲ့ တိတ်ဆိတ်ခြင်းတိုင်းဟာ သူမရဲ့ စိုးရိမ်ခြင်း၊ ချစ်ခြင်း တွေရဲ့ အဝေးမှာ ရှိနေတဲ့ သူ့အတွက် ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းတွေသာဖြစ်ကြောင်း …………………………………

(Y)

commentinfo By: Fourteen4 at Mar 24, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment