Professional Authors

အလွမ်းကြေငြာချက်

ကျွန်မ မောင့်ကို သိပ်လွမ်းတယ်မောင်

တနေ့ပြီးတနေ့ ကုန်ဆုံးသွားတဲ့ ကျွန်မရဲ့ မနက်ဖြန်တိုင်းဟာ အလွမ်းတွေ ဆို့ကျပ်လို့ပေါ့

ဝေးကွာခြင်းဟာ သာမန် ဗျည်းအက္ခရာတလုံးထက် အဆပေါင်းများစွာ အဓိပာယ် သက်ရောက်တယ်မို့လား

ဒီဆောင်းတွေ ကုန်…စေ…ချင်…ပြီ…ကွယ်

 

မောင့် လက်သည်းတွေကအစ မောင့် ၀င်သက်ထွက်သက်တိုင်းဟာ ကျွန်မရဲ့ ရင်ခုန်သံပဲ မောင်

လွင့်မျောနေတဲ့ တိမ်တိုက်တွေကြား ကျွန်မအလွမ်းကို ထုပ်ပိုးသိမ်းဆည်းလိုက်တယ်

မောင် .. နွေး … ထွေး … ပါ … စေ

 

ဟိုးက မိုးကုတ်စက်ဝိုင်းကို မြင်သလား မောင်

ကျွန်မတို့ နှစ်ယောက် ဘယ်လောက်ဝေးဝေး ဒီစက်ဝိုင်းအောက်မှာတော့ အတူတူ ရှိနေပါသေးတယ်လေ

တနေ့နေ့ပေါ့ …

မောင် အား…တင်း…ထား…ပါ…နော်

 

ကျွန်မလက်ဖ၀ါးက ဒဏ်ရာသေးသေးလေးကိုတောင်  စိုးရိမ်တတ်တဲ့မောင်

အခု ကျွန်မနှလုံးသားတခုလုံး သွေးခြည်ဥနေတယ်…

မောင် တောင့်တတဲ့ အနမ်းဖွဖွတွေလည်း ချယ်ရီရောင်တောက်နေတဲ့ ညနေခင်းတွေမှာ ကပိုကရိုနဲ့

မောင် စိုက်ပေးတဲ့ အလွမ်းသစ်ပင်မှာ အခု ကျွန်မ အရိပ်သေးသေးလေး ရနေတယ်

မောင့်ကို ကျေး..ဇူး…တင်…ပါ…တယ်

 

ကျွန်မ မျက်ရည်တွေမြင်ပြီး မောင် စိတ်မကောင်းဖြစ်သွားမလား

ဘာပဲဖြစ်ဖြစ် ကျွန်မဖျားနာရင် ငေးကြည့်စရာ လယ်ကွင်းစိမ်းစိမ်းတွေ လွမ်းမောစရာ တောင်တန်းတွေ ရှိနေသေးတယ်လေ

မောင့်မှာသာ…….

မောင် ဘယ်လိုနေရှာမလဲ

မောင် ကျွန်မကို ချစ်တာသေချာရင်

စိတ်…မ…ပူ…စေ…ပါ…နဲ့…လား

 

တခါတလေတော့ ကျွန်မတို့ကြား နားလည်မှု လွဲကြသေးတယ်

ကျွန်မက စိတ်ကောက်လိုက်… မောင်က စိတ်ဆိုးလိုက် …

ဘာပဲဖြစ်ဖြစ်ပါ မောင်

ကျွန်မတို့ သံယောဇဉ်ကြိုးက

လွယ်..လွယ်…နဲ့…တော့… မ…ပျက်…ဘူး…မို့…လား

 

မောင်ကြိုက်တဲ့ POP သီချင်းချိုချိုတွေကို ကျွန်မ မကြိုက်ဘူး

မောင်ကြိုက်တဲ့ Liverpool အသင်းကို ကျွန်မ မကြိုက်ဘူး

ကျွန်မကြိုက်တဲ့ Modern Rock နဲ့ RAP စာသား ခပ်ကြမ်းကြမ်းတွေကိုရော မောင်ကြိုက်ပါ့မလား

ဒါဖြင့် ကျွန်မတို့နှစ်ယောက်လုံး ဂီတကို ကြိုက်တယ် ဘောလုံးပွဲကြိုက်တယ်

တွေ့တယ်မို့လား ကျွန်မတို့ ညှိလို့ရပါသေးတယ်

အစွန်းဆုံးထိ လောင်…ကျွမ်း…လိုက်…ကြ…စို့…မောင်

 

ကျန်ခဲ့ရသူနဲ့ ချန်ခဲ့ရသူကြားမှာ အလွမ်းဟာ ၀ိဝါဒ ကွဲပြားသေးတယ် မောင်

ချန်ခဲ့ရတဲ့သူ လွမ်းရင် သူ့မှာ ပိုင်ဆိုင်ခြင်းတချို့တ၀က်နဲ့

သူ့အလွမ်းက ရေရာတယ်

ကျန်ခဲ့ရသူမှာတော့ သူ့အလွမ်းက ရော်ရမ်းမှန်းဆမှုတွေပါတယ်

မသေချာခြင်းတွေ တနင့်တပိုးနဲ့

ဘယ်လိုပဲ လွမ်းသည်ဖြစ်စေပေါ့

မောင်နဲ့ကျွန်မရဲ့အလွမ်းကြားကို ညီမျှခြေတခုထားလိုက်ကြရအောင်

ကျွန်မလွမ်းတိုင်းမှာ မောင်လွမ်းနေမှာ သေချာသလို

မောင်လွမ်းတိုင်းမှာ ကျွန်မလည်း အလူးလူးအလိမ့်လိမ့်ပေါ့

ဒီခေါင်အုံးလေး ခြောက်…ပါ…စေ…တော့

 

ကျွန်မလက်ဖ၀ါးတွေကို မောင့်လက်ဖ၀ါးနဲ့ ထွေးဆုပ်ပေးထားပါ

ဟောဒီ သုံးဆယ်တစ်ဘုံလုံးကို ကျွန်မ လက်နက်မဲ့ ရင်ဆိုင်ပါ့မယ်

ကျွန်မရဲ့ နောက်ဆုံးထွက်သက်ထိ

အဲဒီ သစ္စာပန်းတွေ ဖူး…ပွင့်…ပါ…စေ…တော့

 

In: စကားပြေ Posted By: Date: Jan 16, 2014
Comment #1

ကျန​နော်​နှစ်​သက်​ဆို့နင့်​စွာ အား​ပေးသွားပါတယ်​။

commentinfo By: မာန်​ခက်​ဝင့်ဲ at Jan 17, 2014
Comment #2

thanks

commentinfo By: Narcissist at Jan 17, 2014
Comment #3

Hit to my heart

commentinfo By: ei lay at Jan 18, 2014
Comment #4

ကျွန်နော်ချစ်ရက်နဲ့ခွဲခွာခဲ့ရတဲ့ကောင်မလေး
မဖတ်မိပါစေနဲ့ ဗျာ
သူငိုလိမ့်မယ်

commentinfo By: NH at Jan 22, 2014
Comment #5

ကျွန်မလက်ဖ၀ါးတွေကို မောင့်လက်ဖ၀ါးနဲ့ ထွေးဆုပ်ပေးထားပါ

ဟောဒီ သုံးဆယ်တစ်ဘုံလုံးကို ကျွန်မ လက်နက်မဲ့ ရင်ဆိုင်ပါ့မယ်

ကျွန်မရဲ့ နောက်ဆုံးထွက်သက်ထိ

အဲဒီ သစ္စာပန်းတွေ ဖူး…ပွင့်…ပါ…စေ…တော့

လှလိုက်တာဗျာ…………

commentinfo By: အသဲကွဲ မိုး at Jan 24, 2014
Comment #6

ဖတ်လိုက်ရတာ တစ်ကယ်ကို ဆို့နင့်စေပါတယ်။ ကောင်းတယ်ဗျာ။။

commentinfo By: Thood Khit at Dec 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment