Professional Authors

မျဉ်းကွေးများ (စကားပြေ) – နရီထက်

ဖြောင့်တန်းဖို့အတွက် ကွေးဆန့်သွားလာ လှုပ်ရှားချက်တွေက များပါဘိ။ ခဏတာ ရပ်နေတဲ့အချိန် မျဉ်းကွေး မဖြစ်ချင်၊ ဖြောင့်တန်းတည်ချက်တွေကို တပ်မက်နေချင်တာပါ။ နဂိုကတည်းက ကွေးညွတ်နေတဲ့ ဟန်ဆောင်မှုကို လှည့်ဖျားသက်စေချင်တော့ ခဏခဏ ဖြောင့်တန်းခဲ့ရတာပါ။ ခဏတာဆိုတာ သိတယ် ဝေးဝေး ပြေးချင်တယ်။ ခရီးရောက်ဖို့အတွက်ယုံကြည်ချက်တွေ ခေါင်းပေါ်တင်ပြီး ဒါကငါ့ယုံကြည်ချက် ဒါက ငါ့ယုံကြည့်ချက်ဆိုပြီး မာနကို ရှေ့ကနေ ပြေးခိုင်းဖူးတယ်။ အတင်းဖြစ်ခိုင်းတဲ့ လောကနဲ့ ဖြစ်ချင်တာတွေ ငါ့အကြား ဘယ်အရာက ပိုခဲ့သလဲ။ ငါမသိချင်ပြီး။ စိန်ခေါ်တတ်တဲ့ လောကဓံ ငါ့ရင်ဘတ်ကို တစ်ချက်တစ်ချက် ထိတယ်။ ပြင်းရှရှ နဲ့ အမာရွတ်တွေ သန္ဓေတည်တော့ အားအင်တစ်ခွက်တဲ့လား။ တကယ့်တော့အနာစိတ်ပါ။ ဘယ်သူပို သိနိုင်သလား။ ရွေးအတွက် မူးအတွက် သဘောထား ပြောင်းပြောင်းသွားကြတဲ့ ပုံစံခွက်တွေကို စိတ်ကုန်လို့၊ အဆက်ဖြတ်ချင်ပြီး။ ထင်သလို မဖြစ်တဲ့အခါ ကြိုးစားနေဆဲ၊ ကတိတွေ မပေးနိုင်ဘူးလို့ စကားတွေ တည်တံ့ချင်လို့ မျက်နှာလွဲတတ် များလှပါဘိ။ ကိုယ့်ကြောင့် မျှော်လင့်ချက်အိမ်မက်တစ်ခု၊ နှစ်ခု ပျက်ပြီးစသူတွေကိုအလွယ်အိမ်မက်တွေ ခဏခဏ ထည့်မမက်ခိုင်းပါနဲ့လား။ အမောဆို့နင့်နေတဲ့ ဘ၀တွေကို အနားယူခွင့်၊ သက်သာခွင့်လေး ပေးပါလှည့်တော့။ မိုးတွေ ရွာနေဆိုတဲ့ အသံပလောင်တွေနဲ့ မိုးကြိုးတွေကို ဟိန်းဟိန်းပြခိုင်းမနေနဲ့တော့။ နင့်အတွက် တစ်ကိုယ်စာ ရွာနေချိန်မှာ ငါက ရွာပါလေလော့ မိုးစက်လေးတွေရယ်လို့ တောင်းတ ဆုချွေနေတဲ့အချိန်ပါ။ တစ်ကိုယ်စာ ကွက်ကြားမိုးတွေကို မုန်းတီးကြီး ဖြစ်ရလေချည့်။ အတ္တကင်းနေတဲ့ ကလေးတွေ မဟုတ်တော့ နေရာတိုင်းက အပြုံးကမ္ဘာ ဘယ်ဖြစ်နိုင်မလဲ။ အလင်းတွေရဖို့ နည်းတွေ သုံးတတ်လာတော့ အရည်ပျော်ခံဖယောင်းတိုင် ဘ၀တွေကို မေ့လောက်ပြီး။ မေ့ဟန်ဆောင်တတ်ပြီး။ မင်းက မိုးနတ်မင်းမဟုတ်တော့ ငါ့က တိုင်တည်စရာမလို။ ဖြေရှင်းချက်လည်း တောင်းစရာမလို။ အပျက်တရားတွေကို အစမ်းသပ်ခံလို့ ငါ့ခံယူပေးပါတယ်။ အောင်မြင်မှုကို ရှာတာပါ။ သိမ်းပိုက်တာပါ ဆိုပြီး ကျော်ကြားမှုတွေကို အတင်းစွတ်ယူ ရင်ဘတ်ထဲ ထည့်သွင်းနေတုန်းပဲလား။ မနက်ဖြန်အတွက်ဆိုပြီး တစ်ဘ၀လုံးအတွက်လျှောက်လှမ်းနေတာ ချည်ပဲလေး။ ဟုတ်ဟုတ်မဟုတ်မဟုတ် လက်ခုပ်သံ မိုးလောက်ထိ ကြားမှ ငိုသံတွေမေ့ပျောက်တတ်တဲ့ လူစားမျိုးလား … နင်နဲ့ငါ။ ငြိမ်းချမ်းခြင်းတရားကို နင်တစ်ယောက်တည်း ရတော့ရော ဘယ်သူ့ဘ၀ ဘယ်ဘ၀တွေကို နင့်က အေးငြိမ်းစေလို့လဲ။ ဘ၀ပျက်တွေကို နင် အာမခံချက်ပေးဖူးလို့လဲ။ခိုင်းကောင်းဖို့ အတွက် နာမည်လှလှလေးတွေ နင် မသုံးနဲ့တော့။ ထပ်မရွေးနဲ့တော့။ ချိုသာတဲ့ စီးမျောမှုဟန်ဆောင်မှုအောက်မှာ သိသိကြီးနဲ့ အညာခံပေးဖူးသူတွေ ရှိတယ်။ နင်က မသိတော့ နောက်ကွယ်မှာဟားတိုက်တတ်တယ်။ မိုးလောက်ကြီးမျက်နှာနဲ့ မြေသားတွေကို အမှုန့်ကြိတ်ဖြစ်ချင်တဲ့ စိတ်တွေ၊ကောင်းကင်တစ်ခုလုံးကို အပိုင်ဝယ်ဖြစ်ချင်တဲ့ မာနတွေကို ၀ုန်းကနဲပေါ်လာတတ်တဲ့ လောကဓံကအရည်ပျော်တိုက်စားတတ်နေကြပါ။ကြာရင်အရာအားလုံးက မေ့သွားမှာပါလို့ ငါ ကြားဖူးတယ်။ မျဉ်းကွေးလေးတွေ ဖြောင့်တန်းဖို့အတွက် အားယူနေဆဲ။ ဟန်ဆောင်ဖို့ အတွက် ဖြတ်ပြေးနေတုန်းပါ။

စကားပြေ
နရီထက်
( ၁၉ ၊ အောက်တိုဘာလ ၊ ၂၀၁၂ )

In: စကားပြေ Posted By: Date: Jul 26, 2013
Comment #1

နာမည်လှလှလေးတွေ နင် မသုံးနဲ့တော့။ ထပ်မရွေးနဲ့တော့။ ချိုသာတဲ့ စီးမျောမှုဟန်ဆောင်မှုအောက်မှာ သိသိကြီးနဲ့ အညာခံပေးဖူးသူတွေ ရှိတယ်။ နင်က မသိတော့ နောက်ကွယ်မှာဟားတိုက်တတ်တယ်။ မိုးလောက်ကြီးမျက်နှာနဲ့ မြေသားတွေကို အမှုန့်ကြိတ်ဖြစ်ချင်တဲ့ စိတ်တွေ၊ကောင်းကင်တစ်ခုလုံးကို အပိုင်ဝယ်ဖြစ်ချင်တဲ့ မာနတွေကို

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment