Professional Authors

ဒိုင်ယာရီ

——ဒီနေ့….နေသာပါသလားချစ်သူ။

——–ငါတို့ဟာ…ဝေဒနာ  အထုပ်ကြီးငယ်ကို  ရင်မှာပိုက်၊ခေါင်းငိုက်စိုက်ပျံသန်းနေတဲ့ လူငယ်တွေလား…ဒါမှမဟုတ် အတ္တတံဆိပ်နဲ့ဆေးပေါ့လိပ်ကို ဖွာရှိုက်၊ ဒုက္ခတနင့်တပိုးကို လောဘတကြီးလိုက်ရှာနေတဲ့ လူကြီးတွေလား…ဘာပဲဖြစ်ဖြစ်…အပူမီးစွမ်းအင်နဲ့ရွေ့လျား သံသရာရထားမှာ ကြားညပ်နေပြီ။

———“အရမ်းချစ်တယ်…´´တဲ့

ဘယ်တော့မှ မပျံသန်းနိုင်တဲ့ ငှက်ကလေးကို သံယောဇဉ်ချိုချိုလေးတွေနဲ့ တုပ်နှောင်၊သောကထောင်မှာ ပိတ်လှောင်လွှတ်လိုက်တဲ့အမှာစကား..လူတိုင်းကြားဖူးကြမှာပေါ့။အပြိုင် အဆိုင် အလုအယက်တွေနဲ့၊ထုနှက် ယူငင်ထားရတဲ့….ငါ့ရဲ့ ဒဏ်ရာအစိုင်အခဲလေးရေ….ဟောဒီနွေ ရင်မကျိုးခင်၊ဟောဒီ မိုး နေပြန်မကောင်းခင်၊ဟောဒီဆောင်း နှင်းမသည်းခင်….အလင်းနည်းတဲ့  ပြက္ခဒိန်ကို အကြိမ်ကြိမ်ကြည့် ငါ့ကိုလွမ်းမိနေမလား။

——–အပြုံးတွေဘယ်လောက်လှလှ ယုံကြည်စိတ်ချစွာ မျိုချလို့မရတဲ့ ဟောဒီမြို့ပြရဲ့ ပြက်လုံးတွေမှာ ငါ့မျက်လုံးတွေ နေသားမကျပါဘူးချစ်သူ။နီယွန်မီးတွေလင်းထိန်နေပေမယ့် သတိရခြင်းမှာ ဘယ်တော့မှမတင်းတိမ်…ရင်ခုန်သံတွေ မှိန်ပြီးရင်းမှိန်နေတဲ့ ရင်ဘတ်အပေါက်အပြဲနဲ့ကဗျာ နှုတ်ခမ်းပါးလေးရဲ့ နှင်းပြာပြာအဝေးမှာ တမ်းတစိတ်တွေနဲ့ ခိုက်ခိုက်တုန်အေးနေရှာပေါ့။

——-ကမ္ဘာဦးကတည်းက နှလုံးသားတိုင်းကို မီးစွဲခဲ့တဲ့ဇာတ်ဝင်ခန်း အခု အလွမ်းဖွဲဖွဲ အသည်းခွဲဆက်တင်တွေနဲ့ ညစ်ညမ်းလွန်းနေတော့ လေပြည်ဆိုပေမယ့် မအေးတော့ပါဘူးချစ်သူရယ်။မျက်ရည်တဖျောက်ဖျောက်နဲ့ ကံကြမ္မာကို “တက်´´ခေါက်နေမယ့်အစား (လာပါကွယ်)…ပစ္စုပ္ဖာန်ကို အလှပဆုံးခြယ်သ ၀တ်ဆင် ရယ်သံတွေစွတ်စိုနေတဲ့ အနာဂတ်ဆီ ခရီးနှင်ကြရအောင်။

———မနက်ဖြန် နေသာမှာပါချစ်သူ…………..။

In: စကားပြေ Posted By: Date: Dec 25, 2012
Comment #1

A yann chit de.

commentinfo By: ei lay at Dec 26, 2012
Comment #2

2013 feeling

commentinfo By: ei lay at Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment