Professional Authors

ရထားကြီး

တစ်နေရာကနေ တစ်နေရာကို ခုတ်မောင်းသွားနေတဲ့ ရထားကြီး တစ်စင်းပေါ့…

 

တချို့သောလူတွေက ဘူတာကနေ ရထားစထွက်ကတည်းက လတ်မှတ်စဖြတ်ပြီး ခရီးစဉ်အစကနေစပြီး စီးကြတယ်

တချို့သော လူတွေက လမ်းတစ်ဝက် ဘူတာကနေ လတ်မှတ်ဖြတ်ပြီးစီးကြတယ်

တချို့သော လူတွေက လတ်မှတ်မဖြတ်ဘဲနဲ့ ခိုးပြီးစီးကြတယ်

တချို့သော လူတွေက ခရီးစဉ်အစအဆုံး စီးကြမယ်လို့ စိတ်မှန်းထားကြတယ်..

တချို့က ကိုယ်ရောက်ချင်တဲ့ ဘူတာရောက်ရင် ဆင်းမယ်ဆိုတဲ့အတွေးနဲ့ စီးကြတယ်

တချို့က အဆင်ပြေသလိုပဲ စီးချင်သလောက်စီးမယ်ဆိုတဲ့ စိတ်နဲ့စီးကြတယ်

တချို့ကလည်း လမ်းတစ်ဝက်ရောက်မှ ရထားကြီးကိုကြည့်ပြီး လိုက်စီးချင်စိတ်ပေါ်တာနဲ့ပဲ လိုက်စီးလိုက်ကြတယ်

တချို့ကြတော့လည်း စီးနေရင်းတမ်းလန်းနဲ့ ကိုယ်ဆင်းရမယ့်ဘူတာမရောက်ခင် ဒီရထားကို ဆက်မစီးချင်လို့ လမ်းတစ်ဝက် ရှိတဲ့ ဘူတာမှာတင် ဆင်းသွားကြတယ်

တချို့က စိတ်မရှည်နိုင်လို့ ဘူတာရောက်တဲ့အထိမစောင့်နိုင်ဘဲ လမ်းမှာတင်ခုန်ဆင်းသွားကြတယ်

တချို့လည်း ကိုယ်ဆင်းရမယ့် ဘူတာရောက်လို့ ဆင်းသွားကြတယ်

တချို့ကျတော့ လတ်မှတ်ခိုးစီးတာမိလို့ဒဏ်ရိုက်ခံရတယ်

တချို့လည်း ဘယ်သူတွေ ဘယ်ဘူတာမှာပဲ ဆင်းဆင်း၊ ဘယ် လိုနည်းနဲ့ပဲ ဆင်းသွားဆင်းသွား စိတ်မ၀င်စားဘဲ ကိုယ်ဆင်းမယ့်ဘူတာထိရောက်အောင် စိတ်ရှည်ရှည်နဲ့ ရထားစီးနေတဲ့လူတွေလည်းရှိရဲ့..။

 

ခရီးစဉ်စဆုံး လတ်မှတ်ဖြတ်ထားပြီး လမ်းခုလပ်မှာတင် ဆင်းသွားတဲ့လူတွေအတွက် ၀မ်းနည်းတယ်ဆိုပြီး ရထားဆက်မထွက်လို့မရသလို… လတ်မှတ်မဖြတ်ပဲ လိုက်ချင်တဲ့သူတွေအတွက်လည်းရထားကို ရပ်ထားပေးလို့မရဘူးလေ…။

 ရထားသံလမ်းရှိသရွေ့၊ သတ်မှတ်ထားတဲ့ ခရီးဆုံးဘူတာမရောက်သရွေ့.. ခရီးသည်တွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ….သတ်မှတ်နေရာအထိ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအတွင်း မရောက်ရောက်အောင် ခုတ်မောင်းရမှာက သူ့တာဝန်ဖြစ်နေတယ်..။

 

အဲလိုပဲ ရထားသံလမ်းပေါ်မှာ အ၀တ်တွေလှမ်းထားလို့၊ ခွေးချေးပုံရှိနေလို့ဆိုပြီး ရထားဘီးကို မလှိမ့်ချင်လို့ဆိုပြီး ရပ်ထားလို့မှ မရတာ ..  နဂိုကတည်းက သတ်မှတ်ထားတဲ့ ခရီးလမ်းပေါ်မှာ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲမောင်းနှင်ရမှာ ရထားကြီးရဲ့ တာဝန်ပဲလေ..။ အဲဒီအတွက် ရထားသံလမ်းပေါ်မှာ အ၀တ်တွေ၊ ခွေးချေးပုံတွေမပြောနဲ့ လူတစ်ယောက်တက်အိပ်နေရင်တောင် ရထားက အဲဒီ့လူကို တက်ကြိတ်ပြီးမှ ဒီခရီးဆက်သွားရမှာဆိုရင် တက်ကြိတ်သင့်ရင် တက်ကြိတ်ရမှာပါပဲလေ..။

 

အဲ့ဒီအတွက် ရထားကို လူတစ်ယောက်ရဲ့အသက်ကိုတောင် ရက်ရက်စက်စက် တက်ကြိတ်ရပါ့မလားလို့ စကားတင်းဆိုလို့လည်း ရထားကြီးကတော့ ၀မ်းလည်းမသာ ၀မ်းလည်းမနည်းပဲ ဒီလမ်း၊ ဒီခရီး၊ ဒီဘူတာဟာသူသွားရမယ့်လမ်းဖြစ်လို့ ပုံမှန်ပဲ ခုတ်မောင်းသွားနေမယ် ထင်ပါတယ်…။

 

ဘယ်လိုလူတွေ ဘယ်လိုပဲ ရထားပေါ်က ဆင်းသွားသည်ဖြစ်စေ၊ ရထားလိုက်စီးသည်ဖြစ်စေ..၊ ဘယ်လိုအတားအဆီးတွေပဲရှိနေသည်ဖြစ်စေ..၊ ရထားကြီးကတော့.. ၀မ်းလဲမသာ ၀မ်းလဲမနည်းဘဲ သတ်မှတ်ထားတဲ့ သူ့ လိုရာခရီးရောက်အောင် ဆက်လက်ခုတ်မောင်းနေလေရဲ့…။ 

 


In: စကားပြေ Posted By: Date: Sep 28, 2012
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment