Professional Authors

ညီမလေး ဖတ်ဖို့

ညီမလေးရေ

 

အခုတလော အချစ်အတွက်များ စိတ်ဒုက္ခတွေဖြစ်နေလား။

သိပ်ပြီးခံစားနေရသလား။

ဒီအတိုင်းသာဖြစ်နေတယ်ဆို ခံစားလိုက်ပါ ညီမလေးရယ်။

နက်နက်ရှိုင်းရှိုင်းခံစားလိုက်ပါ။

ခံစားလိုက်ပါ ညီမလေး။

သိပ်ကောင်းပါတယ်။ ဟုတ်တယ် သိပ်ခံစားလို့ ကောင်းတဲ့အချိန်ပဲပေါ့။

 

စိတ်ညစ်နေရတာတွေ၊ ငိုကြွေးနေရတာတွေရဲ့ အကြောင်းကိုလည်းဖယ်ရှားဖို့ မကြိုးစားပါနဲ့ဦး။

အခုချိန်မှာ ခံစားနေရတုန်းမဟုတ်လား။

ခံစားရုံ ခံစားလိုက်ပါ ညီမလေး။

ဘာလို့လဲဆိုတော့ မင်းကို ဘုရားသခင်လည်း မကယ်နိုင်ဘူး။

သိကြားမင်းလည်း မကယ်နိုင်ဘူး ညီမလေး။

ညီမလေး ကိုယ်တိုင် ကယ်တင်ရင်တော့ ရချင်ရမှာပဲ။

ခံစားရုံ ခံစားနေလိုက်ပါ ညီမလေး။

 

သိပ်ကောင်းပါတယ်ပြောလို့ ညီမလေး အံသြသွားလား။

ဟုတ်တယ်လေ ညီမလေးရဲ့။

သူများတွေအဲလို ခံစားနိုင်မှ ခံစားနိုင်မှာ။

နောက်ပြီး ညီမလေးကိုယ်တိုင်တောင် ဒီလို ခံစားချင်ပါတယ်ဆိုပြီး ဖန်တီးယူလို့ မရနိုင်ဘူးလေ။

လွယ်လွယ်နဲ့မရနိုင်တဲ့ ခံစားချက်ပဲလေ။

 

ဒီလိုခံစားချက်မျိုးရဖို့ဆိုတာ ပထမအချက် လူတစ်ယောက်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိရဦးမယ်။

အဲဒီနောက် ကိုယ်ချစ်ရတဲ့လူနဲ့ ကိုယ်တို့အကြား ပြသနာလေးတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ စတဲ့ အကြောင်းအရာလေးတွေလည်းရှိရဦးမယ်မဟုတ်လား။

ဒီလိုမှမဟုတ်ရင် ဘယ်ခံစားနိုင်ပါ့မလား ညီမလေးရယ်။

 

ဒါနဲ့ စိတ်ညစ်တာ နဲ့ပျော်ရွှင်တာ နှစ်ခုမှာ စိတ်ညစ်တာ နဲ့ ပျော်ရွှင်တာ ပဲကွာတယ်။ ကျန်တာတူတူပဲ။

နားရှုပ်သွားလား ညီမလေး။

ဒီလိုလေ ညီမလေးရဲ့။

ပျော်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်မှာဖြစ်ပေါ်တဲ့၊ စိတ်ကိုဖြတ်သွားတဲ့ စိတ်ခံစားချက်သက်သက်ပါပဲ။

လွယ်လွယ်ပြောရရင် ခံစားရတာပါပဲ။

 

ပျော်စရာ၊ ကျေနပ်စရာ မင်းစိတ်မှာဖြစ်လာရင် ဒါကိုမင်းကြိုက်တဲ့အတွက် လက်ခံလိုက်မယ်။ ဒီခံစားမှုဖြစ်လာစေတဲ့အရာတွေ၊ ဒီခံစားမှုနဲ့ ပါတ်သတ်တဲ့ အကြောင်းတွေကို မင်းလိုချင်တယ်။

စိတ်ညစ်စရာတွေ မင်းစိတ်မှာဖြစ်လာရင် ဒါကိုမင်းမကြိုက်တဲ့အတွက် လက်မခံချင်ဘူးဖြစ်နေမယ်။ ဒီခံစားမှုဖြစ်လာစေတဲ့အရာတွေ၊ ဒီခံစားမှုနဲ့ပါတ်သတ်တဲ့ အကြောင်းတွေကို မင်းမလိုချင်ဘူးဖြစ်နေမယ်။

 

ဒါပါပဲလေ။ ခံစားရတာက ခံစားရတာပါပဲ။ နည်းနည်းပဲကွဲလွဲသွားတာပါ။

ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုကြောင့်ပဲဖြစ်ဖြစ်၊ အချစ်ကြောင့်ပဲဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ်လေ ခံစားလိုက်ပါ။

ဒါပေမယ့် တစ်ခုတော့ ပြောရမယ်။

အခုခံစားနေရတာတွေက ဘဝ ဆိုတဲ့ အရာနဲ့ သက်သက်ဆီနော်။ တခြားစီပဲလို့ပြောရင်လည်းရတယ်။

 

ဒါကြောင့် အခု ညီမလေး တစ်ခုခုကို ခံစားနေရတယ်ဆိုရင် ခံစားလိုက်ပါ။

ခံစားနေလိုက်ပါ။ ခံစားရုံလေး ခံစားနေလိုက်ပါ။

အဲလို ခံစားတာတွေများလာတဲ့အခါ ဘယ်လိုဖြစ်လာမလဲ။ ရိုးသွားမှာပဲလေ။

နောက်တော့ ခံစားနေရတာတွေလည်း တဖြေးဖြေး လျော့သွားမှာပဲလေ။

 

နောက်ဆုံး ခံစားနေရတာတွေလုံးဝ ပျောက်သွားတဲ့အချိန် ညီမလေးဘယ်လိုမြင်လာမလဲသိလား။

ငါဘာလို့ဒီလောက်တုံးရတာလဲ၊ အ ရတာလဲ၊ ရူးရတာလဲ၊ ကြောင်ရတာလဲ။ ဘာလို့များ ဒီလောက်တောင်ခံစားခဲ့ရတာလဲလို့ ကိုယ့်ကိုယ်ကို မေးနေမိဦးမှာ။

 

အဓိကကတော့ ကိုယ့်ကိုယ်ကို ချောင်ပိတ်မထားပါနဲ့ ညီမလေးရယ်။

 

ဘဝရဲ့ အလှတရားဆိုတာ မင်းဘယ်လောက်ပျော်ရွှင်နေနိုင်သလဲဆိုတာမဟုတ်ဘူး။ မင်းကြောင့် တခြားလူတွေ ဘယ်လောက်ပျော်ရွှင်နိုင်သလဲဆိုတဲ့ အပေါ်မှာသာမူတည်နေတယ်နော်။

 

အခုတော့ မင်းပြုံးနေပြီ မဟုတ်လား ညီမလေး။

ဒီစာကြောင့် မင်းပြုံးနိုင်ပြီဆိုရင် ဝမ်းသာပါတယ်။ မင်းဆက်လျှောက်ရမယ့် လမ်းကိုလည်း လင်းလင်းထင်းထင်း မြင်နေရပြီလို့ထင်ပါတယ်။

အခုတော့ ဒီလောက်ပဲ ပြောတော့မယ်နော်။

 

ပျော်ရွှင်ပါစေ ညီမလေးရယ်။

 

သဇင်

သြဂုတ် ၁၉၊ သောကြာ

+++++

သဇင့်ရဲ့ ကိုယ်ပိုင်ဘလော့ http://chocothazin.blogspot.com/ မှာတင်ခဲ့ဖူးတဲ့ “ညီမလေးဖတ်ဖို့စာ” ဆိုတဲ့ စာလေးကို အနည်းငယ်ပြင်ဆင်ပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။ နှလုံးသားနုတဲ့ သူငယ်ချင်းတွေ၊ ညီမလေးတွေ၊ အစ်မတွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

*** သဇင့်စာတွေအားလုံးဟာ ကိုယ်တိုင် အချိန်ပေးပြီး ရေးထားတဲ့ စာတွေဖြစ်တဲ့အတွက် တဆင့်ပြန်လည်မျှဝေချင်တယ်ဆိုရင် credit ပေးဖို့တောင်းဆိုချင်ပါတယ်။(သဇင့်ဆီမှာ တကူးတက ခွင့်တောင်းစရာမလိုပါဘူး။) ဖြစ်နိုင်ရင် မူရင်းအရေးအသားကိုလည်း မဖျက်ဆီးစေချင်ပါဘူး။ chocothazin ဘလော့က တချို့စာတွေကို အွန်လိုင်းရဲ့တခြားနေရာတွေမှာ တွေ့ရတာ ဝမ်းသာရပေမယ့် မူရင်းအရေးအသား၊ မူရင်းခေါင်းစဉ်ကို ဖျက်ဆီးထားတာကို ဝမ်းနည်းစွာတွေ့ရလို့ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် စာရေးရတာ ဝါသနာပါတဲ့အတွက် အဆင်ပြေတဲ့ နေရာမှာ အချိန်ရရင်ရသလို ရေးနေဦးမှာပါ။

အချိန်ပေးပြီး စာလာဖတ်တဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

In: စကားပြေ Posted By: Date: Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment