Professional Authors

အရှုံးလက်ဆောင်

အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်ချင်တာတွေ ဖြစ်ရတာထက်၊ ဖြစ်ချင်တာတွေ မဖြစ်ရတာက ပိုများလာတာကို စမ်းစစ်မိလာကြမှာပါ။ မဖြစ်ချင်တာတွေများလာတာလား၊ ဒါမှမဟုတ် ဖြစ်ချင်တာတွေများလာလို့များလား။ စာမေးပွဲ အောင်မြင်သူဦးရေ တူတာတောင် ဖြေဆိုသူဦးရေများတဲ့ကျောင်းက အောင်ချက်နဲတယ်ဆိုသလိုလဲ ဖြစ်နေနိုင်ပါတယ်။

တခါတလေမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်နေတာကို သတိမထား၊ အမှတ်မပြုမိတာလဲ ရှိနေတတ်ပါတယ်။ -”ဘာမျှ မဖြစ်လာဘူး” လို့ ပြောကြတဲ့စကားကို ကြားဖူး၊ ပြောဖူးကြပါလိမ့်မယ် ထင်ပါတယ်။ ကိုယ်မဖြစ်ချင်တာတွေ ဖြစ်ရတာထက် နှိုင်းစာရင် ဘာမှ ဖြစ်မလာတာက တော်ပါသေတယ်။ ကိုယ်ဘာမှ မဖြစ်ချင်သေးတဲ့ အချိန်မျိုးမှာ ဘာမှဖြစ်မလာတာက ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာခြင်းတမျိုး မဟုတ်ပေလား။

ဓါတ်ဆီဖိုးမှ မတတ်နိုင်ဘဲ ကိုယ်ပိုင်ကားတစ်စီးနဲ သွားချင်လာချင်တဲ သူတစ်ယောက်ဟာ သူဖြစ်ချင်တဲ့ ကားရရှိခဲ့သော်မှ စိတ်ချမ်းသာဖို့ရာ မလွယ်ကူသေးပါဘူး။ ဆိုလိုချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ၊ လိုချင် ရချင်တာတွေကို မပျောက်မပျက်အောင် စိတ်တိုင်းကျ ထိမ်းသိမ်း စီမံ နိုင်တဲ့ အခြေအနေ ကိုယ့်မှာ ရှိနေ/ရှိလာ နိုင် ပါသလားလို့ ဆိုလိုချင်ပါတယ်။ မည်မျှကောင်းသည့် အရာပင်ဖြစ်ပစေ ကိုယ်စိတ်တိုင်းမကျရင် မလိုချင်၊ စိတ်ပျက် စိတ်ကုန် ဖြစ်လာတတ်စမြဲပါ။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာခဲလျှင် ဖြစ်ချင်တာတွေအတွက် လိုအပ်ချက်တွေ ကိုယ့်မှာပြည့်စုံနေပြီလား ဆိုတာကို တွေးထားသင့်ပါတယ်။ လိုချင်တာ မရတာထက် ရပြီးမှဆုံးရှုံးရတာ ပိုခံစားရနိုင်ပါတယ်။

တခါတလေမှာ ကိုယ်နှစ်သက်တဲ့အရာတွေ အဆုံးရှုံးခံရတတ်ပါတယ်။ ဆုံးရှုံးတော့မယ်လို့ခံစားရတဲ့ အချိန်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်စုံတစ်ခုကို လုပ်ဖို့ တွေးမိတတ်ပါတယ်။ တကယ်တော့ ကိုယ်ဆုံးရှုံးရတယ်ဆိုတာ ကိုယ့်မှာ ဆုံးရှုံးဖို့ရာ လုံလောက်တဲ့ အားနဲချက်၊ ချို့ယွင်းချက်၊ လွဲမှားချက်တွေ ရှိနေခဲ့ လို့ပါ။ ဒီတော့ ဖြစ်ချင်ရာဖြစ် လုပ်ဖို့ဆိုတဲ့ ကိစ္စဟာ တကယ်တမ်းတော့ အရှုံးထဲမှာ အဖတ်ဆည်မရအောင် နောက်တိုး အပိုဆောင်းပေးလိုက်တဲ အရှုံးလက်ဆောင် မျိုး ဖြစ်မသွားပေဘူးလား။

In: စကားပြေ Posted By: Date: Jul 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment