Professional Authors

ရှင်းတမ်း

ကျွန်တော် ပိုက်ဆံနဲ့ ပတ်သက်ပြီးတော့ ဆောင်းပါးလေးတစ်ပုဒ် အရင်က ရေးခဲ့ဖူးတယ်ဗျ။ ဒါပေမယ့် ချပြတဲ့ အကြောင်းအရာနဲ့ ခေါင်းစဉ်နဲ့က သိပ်မကိုက်ဘူး ဖြစ်သွားတယ်။ ဒါကြောင့် ဒီမှာ ပြန်ပြီးတော့ ရှင်းချင်တယ်။
ပိုက်ဆံ
ပိုက်ဆံဆိုတာ လူတစ်ယောက်အတွက် အတိုင်းတာတစ်ခုထိပဲ လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။ လိုအပ်တဲ့ အချိန်မှာ အသုံးချနိုင်မယ့် ပမာဏလောက်ပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့ အရမ်း လောဘမကြီးမိဖို့တော့ လိုတယ်ဗျ။ အရမ်းလောဘကြီးသွားတဲ့သူတွေဟာ ရေအိုင်ထဲက ဖားသူငယ်လို ဖြစ်သွားတတ်တယ်ဗျ။ ကုန်သည်ဟာ ကုန်သည်ပဲဖြစ်တယ်၊ ပွဲစားဟာ ပွဲစားပဲ ဆိုင်ရာ ဆိုင်ရာ လောကတွေမှာ ကျင်လည်လို့ အဆင်ပြေသွားရင် အဲဒီနေရာမှာပဲ ပျော်မွေ့နေတတ်ကြတာ လူတွေရဲ့ အကျင့်တစ်ခုလို့ ပြောလို့ရမယ်ထင်တယ်ဗျာ။ အပြင်ကို ဖောက်ထွက်ချင်တဲ့သူ သိပ်မရှိဘူး။ အားလုံးကို အပေါ်ကနေ ငုံ့ကြည့်ချင်တဲ့သူ သိပ်မရှိဘူးလို့ ကျွန်တော်ထင်တယ်ဗျ။
လူရယ်လို့ ဖြစ်လာရင် သိသင့် သိထိုက်၊ မှတ်သင့် မှတ်ထိုက်တာတွေကို သိထားသင့်တယ်ဗျ။ ပိုက်ဆံနောက်ကို တစ်ကောက်ကောက်လိုက်ပြီး ပိုက်ဆံပိုက်ဆံ ဖြစ်နေရင်တော့ အဆံရှိပြီး အနှစ်မရှိသူ ဖြစ်သွားမယ်။
ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုပြီး မြတ်စွာဘုရားဟောထားတာလည်း ရှိတယ်ဗျ။ ပိုက်ဆံနဲ့ တခြားလူအများစု မက်မောနေကြတဲ့ အရာတွေဟာ အချိန်မရွေးကွယ်ပျောက်နိုင်တဲ့ အရာတွေ ပြောင်းလဲ ပျက်စီးသွားနိုင်မယ့် အရာတွေမို့ ကိုးကွယ်အားထားရမယ့် စာရင်း မ၀င်ဘူးလို့ထင်တယ်။
ကျွန်တော် အကြိုက်ဆုံး စကားစုတော့ရှိတယ်ဗျ။ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ အဲဒီ စကားစုလေးက အရမ်းကို တန်ဖိုးရှိတယ်။ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတာက ကိုယ့်ကိုယ်ကိုယ်သာ အားထားရာ၊ ယုံကြည်ရာလို့ အဓိပါယ်ရတယ်ဗျ။ ဒါကြောင့် ပိုက်ဆံဆိုတာ မက်မောစရာမဟုတ်ဘူးလို့ ပြောချင်တယ်။ အဲဒီ့ထက် မက်မောရမှာက ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးတိုးတက်ဖို့နဲ့ အကျင့်စာရိတ္တမြင့်မားဖို့၊ ဒါဘဲရှိတယ်။
နောက်ခံမိဘကချမ်းသာလို့တို့ ဘာတို့ဆိုတာကို ခဏလောက်ချန်ထားကြရအောင်ဗျာ။ လောကမှာ ပိုက်ဆံမရှိတဲ့လူနဲ့၊ ပိုက်ဆံမရှားတဲ့သူနှစ်မျိုး ရှိတယ်ဗျ။ ဘယ်သူမဆို ပိုက်ဆံမရှားတဲ့သူ ဖြစ်ချင်ကြတာချည်းပါဘဲ။ ပိုက်ဆံမရှိတဲ့သူဟာ အရည်အချင်း မရှိလို့လို့ ပြောချင်တယ်။ ပိုက်ဆံမရှားတဲ့လူမျိုးဆိုတာ ကတော့ အရည်အချင်းရှိတဲ့သူလို့ပြောချင်တယ်။ မိဘတွေ ဘယ်လောက် ပိုက်ဆံ ချမ်းသာချမ်းသာ သူကိုယ်တိုင်က ထိန်းသိမ်းနိုင်စွမ်းမရှိရင် ပျက်စီး ဆုံးရှုံးနိုင်တယ်ဗျ ဒီခေတ်ကြီးမှာ သူတော်ကောင်းတွေ ရှားပါးပြီး လူယုတ်မာတွေ များတာ ကျွန်တော်တို့ စာဖတ်သူတို့အသိပါပဲ။ ဘယ်ကောင် ပိုက်ဆံရှိလဲ ရှိရင် ဆော်ချင်တဲ့သူနဲ့ နှက်ချင်တဲ့ သူတွေ များတယ်ဗျ။ အရည်အချင်းဆိုတာကလည်း ပညာတတ်တာ မတတ်တာကို ပြောတာ မဟုတ်ဘူးဗျ။ လုပ်ရည်ကိုင်ရည်ရှိတဲ့သူ ကျရာနေရာမှာ ကျရာ သရုပ်ကို အကောင်းဆုံး စွမ်းဆောင်နိုင်သူကို ဆိုလိုတာပါဗျာ။ ဒီလိုအရည်အချင်းတွေ ရှိတဲ့သူဟာ ပိုက်ဆံမရှားတာ မဆန်းပါဘူး။ ပိုက်ဆံကို မက်မောမူ့ကြီးနဲ့ မကြည့်ပဲ ကိုယ့်အရည်အချင်းနဲ့ ဒီနေ့ကစပြီး တိုင်းတာပြီး ကြည့်ရအောင်လားဗျာ။ ငါ့ အရည်အချင်းဒီလောက်မို့ ဒီပမာဏရတယ်။ ဒီ့ထက် ပိုရင် ဒီ့ထက်ပိုရမယ်။ ငါ့အရည်အချင်းပြည့်ပြီး လုပ်ခက နည်းနေသလား ငါ့ဒီထက်ပိုကောင်းတဲ့ အလုပ် ရကို ရရမယ်။ ငါ့အရည်အချင်းကို အကြွင်းမဲ့ ယုံကြည်တယ်ဆိုတဲ့ စိတ်ကလေးရှိရင် ကိုယ့်အရည်အချင်းနဲ့ အမှန်တကယ် ထိုက်တန်တဲ့ နေရာကို ရရမှာ မလွဲပါဘူး။
တစ်ခုတော့ ရှိတယ်။ (ကိုယ့်အရည်အချင်းကို ကိုယ်သိဖို့လိုတယ်နော်)
လူကတော့ ဖွတ်၊ သူများ ရသလိုတော့ ရချင်လို့တော့ ဘယ်ဖြစ်မလဲဗျာ။ နော်။ အဲလိုမျိုး အချောင်ရနေတဲ့သူတွေ ရှိရင်လည်း သူတို့ စိတ်တွေ မသန့်ပါဘူးဗျာ၊ လုပ်ငန်းခွင်ထဲမှာ တကယ့်ပြသနာပေါ်လာပြီဆိုရင် ကွက်ကွက်ကင်းကင်းပေါ်ပြီး မျက်စိပျက် မျက်နှာပျက် ဖြစ်ကြရတဲ့ သူချည်းပါဘဲ။
ကျွန်တော် ဖတ်ဖူးတဲ့ စာပိုဒ်လေးတစ်ခုရှိတယ်ဗျ စာဖတ်သူတစ်ချို့ သိရင်လည်း သိမှာပါ။ အရင်က အရမ်းချမ်းသာတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်တဲ့ဗျ။ သူတစ်နေ့တော့ လမ်းလျှောက်ရင်း ရေမြောင်းထဲမှာ ပြုတ်ကျနေတဲ့ 10 ပြားစေ့လေးတစ်စေ့ကို တွေ့တယ်တဲ့။ အဲဒီတော့ သူက ဘေးနားမှာ ရှိတဲ့ ကောင်လေးတစ်ယောက်ကို ကောက်ခိုင်းတယ်တဲ့ဗျာ။ (ခက်ခက်ခဲခဲ ကောက်ရတယ် ထင်ပါရဲ့ဗျာ) ကောင်လေးကို သူက ပြောတယ်ဗျ 10ပြားစေ့ကောက်ပေးရင် မင်းကို 100ပေးမယ်လို့ ပြောတော့။ ကောင်လေးက သူ့ကို အံ့သြပြီး မော့ကြည့်တယ်တဲ့ (ရူးများ ရူးနေလား ဒီအဖိုးကြီးဆိုတဲ့ အတွေးမျိုးနဲ့ပေါ့ဗျာ)။ သူက ကောက်သာ ကောက်ပေးပါ ငါမင်းကို တကယ်ပေးမှာပါဆိုပြီး ပိုက်ဆံ 100 ထုတ်ပြလိုက်မှ ကောင်လေးက 10ပြားစေ့ ကောက်ခြင်း အလုပ်ကို စလုပ်တယ်တဲ့။
10ပြားစေ့ကောက်ပြီးတော့ ကောင်လေးကို အဖိုးကြီးက 100ပေးပြီး 10ပြားစေ့ကလေးကို မြတ်မြတ်နိုးနိုးသိမ်းလိုက်တာကို ကောင်လေးတွေ့တော့ မနေနိုင်ပဲ မေးလိုက်တယ်တဲ့ ဘာလို့ တန်ဖိုးနည်းတဲ့ 10ပြားစေ့ကို 100နဲ့ လဲရတာလဲလို့ပေါ့ဗျာ။ အဖိုးကြီးက ပြုံးတယ်တဲ့ နောက်တော့ ဘာပြောလဲဆိုတော့ ဒီမြောင်းထဲ ကျနေတဲ့ 10ပြားစေ့ကို ဘယ်သူမှ ကောက်မှာ မဟုတ်ဘူးကွာတဲ့ ဒါဟာ ဆုံးရှုံးမှုတစ်ခုပဲတဲ့။
ခု မင်းကို ပေးလိုက်တဲ့ 100 ဟာ တစ်ချိန်ချိန်မှာ ငါ့လက်ထဲ ပြန်မရောက်ပါဘူးလို့ မင်းအာမခံနိုင်လားတဲ့ဗျာ။ သူ့ကိုယ်သူ ဘယ်လောက် ယုံကြည်မူ့ ရှိလိုက်သလဲဗျာ။ အဲလို လူမျိုး သူဌေးတစ်ယောက်ဖြစ်တာ မဆန်းဘူးလို့ ကျွန်တော်ထင်တယ်။

မိမိကိုယ်သာ အားကိုးပါ၊ ယုံကြည်ပါ၊ ကိုးကွယ်ပါ၊ မိမိကလွဲလို့ ဘယ်အရာမှ ယုံကြည်အားကိုးလို့မရပါဘူး။
(တစ်ခြား ချပြစရာ ပုံပြင်လေးတွေ ရှိသေးတယ်ဗျ၊ ဒါပေမယ့် ကျွန်တော် အလုပ်ဆင်းတော့မှာမို့ ဒီမှာပဲ လက်စသတ်တော့မယ်ဗျာ)

အားလုံးကို လေးစားလျှက်
လိပ်ပြာ

Comment #1

ဖတ်သင့်တဲ့ဆောင်းပါးလေးပါ….ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #2

အကို ကောင်းပါတယ်…အားပေးသွားတယ်

commentinfo By: genius.jinx28 at Jan 7, 2011
Comment #3

အိမ်ပြန်ရောက်ပြီ… အားပေးလို့ ကျေးဇူးပါဗျာ… ရေမိုးချိုး၊ ဟင်းချက်လိုက်ဦးမယ်ဗျို့————–

Leave Comments

Name*

Email*
Website
Email me whenever there is new comment