Professional Authors

ချစ်သူ သို့

 
ချစ်သူ သို့
♥ ✌ ♥ ✌ ♥ ✌ ♥ ✌ 
အချစ်ရေ…
ဝါ၀င်ပြန်ရော့မယ် …
တို့နှစ်ယောက်ရဲ့ အိပ်မက် တွေ…
ရှင်သန်နေတုန်းပဲမဟုတ်လား..
အခြေအနေမပေးလို့…
အနေဝေးနေရတော့…
သွေးအေး သွားမှကြောက်တယ်….။

အချစ်ရေ….
ခုဘာလုပ်နေလဲ.. …
ကိုယ်ကတော့ ၀ါဆိုပွဲ အတွက်..
သူငယ်ချင်းတွေနဲ့  အလုပ်များနေတယ်..။
သံဃာတော်များ ချမ်းချမ်းသာသာ
ဝါဆိုခွင့်ရအောင်…လိုအပ်တာမှန်သမျှ
အကုန်ဖြည့်ဆည်းပေးနိုင်ဘို့
ကြိုးစား နေကြ တာပါ..။
ကိုယ်တို့ရပ်ကွက်ကကျောင်းမှာ 
နှစ်တိုင်းလိုပဲ..
စုပေါင်းဝါဆိုသင်္ကန်းကပ်မယ်…
သံဃာ အသုံးအဆောင်လှူမယ်…
လိုရာသုံးဘို့ န၀ကမ္မ(န၀ =အသစ်
ကမ္မ =ကိစ္စ… ခုလှူထားတာအပြင်
အသစ်ဖြစ်ပေါ်လာတဲ့ ကိစ္စတွေမှာ သုံးစွဲနိုင်ဘို့) ၀တ္ထုငွေလှူမယ်လို့
လူကြီးတွေဆုံးဖြတ်ထားကြတယ်..။
နည်းနည်းတော့ ပင်ပန်းတယ်.. .။
ဒါပေမဲ့အချစ်ရယ်.. ..တို့တွေအတွက်
ခုရောနောင်ပါ ကောင်းကျိုးပေးမဲ့ 
ကုသိုလ်ရေးအလုပ်မို့ ဇွဲမလျော့နိုင်ဘူး…။
ရဟန်းသာမဏေတို့ရဲ့ စာသင် စာချ
စာလိုက် စာပြန် စာအံသံတွေ.. .
လပြည့် လကွယ် ရှစ်ရက်ဥပုသ် နေ့တွေမှာ သီလပေး တရားသံတွေနဲ့.. .
ဝတ်အသင်းရဲ့ ၀တ်တက် မေတ္တာပို့ သံတွေ….ကြားရတော့မယ်.. .။
အချစ်ရယ် ဒါတွေက တို့ရပ်ကွက်ရဲ့မင်္ဂလာတွေပဲမဟုတ်လား..။
အနံ့ မွှေးတဲ့ပန်းကိုဖက်နဲ့ထုပ်ရင်..
ဖက်လည်းမွှေးရတဲ့ သဘောပေါ့ချစ်သူ..။
သူတော်ကောင်းနဲ့နီးစပ်ခွင့်ရတဲ့ ကိုယ်တို့တွေလည်း စိတ်နှလုံးကြည်လင်ချမ်းမြေ့ ခွင့်ရကြတယ်…။
ကိုယ်တို့ကောင်းကျိုးအတွက် ၀ါဆိုဝါကပ်ပေးတဲ့သံဃာ တော်တွေ ကိုအရမ်းကျေးဇူးတင်တာပဲ….။

ဝါဆိုဝါကပ်တယ်ဆိုတာ ..
ဝါဆိုလပြည့်နေ့မှာ..သင်္ကန်းနဲ့တကွ
အသုံးအဆောင်တွေကို အလှူခံပြီး
လပြည့်ကျော်တစ်ရက်နေ့မှ ၀ါကပ်ကြရတာ…။
ဘုရားရှေ့မှာ ပန်းစည်းကိုယ်စီ ကိုင်ပြီး
(ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ
ဝဿံ ဥပေမိ = မိုးသုံးလပတ်လုံး 
ဤကျောင်း၌ ကပ်ရောက် သီတင်းသုံးပါ၏ ) လို့တစ်ပါးချင်း သုံးကြိမ်
ဆိုရတယ်….ဆိုပြီးတိုင်းလည်း
ကျန်တဲ့ရဟန်းသာမဏေ နဲ့ လူတွေက
သာဓု ခေါ်ကြရတယ်..။
ချစ်သူနဲ့အတူတူ ကြည်ညိုရရင် 
သိပ်ကောင်းမှာပဲ နော်…..။

အမှန်တော့ ကိုယ် ၀ါကပ်မဲ့နေရာမှာ
အင်္ဂလိပ် လိုဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ်
ပါဠိ လိုဖြစ်ဖြစ် စိတ်ညွတ် လိုက်ရင်..
ဝါဆိုကိစ္စပြီးတယ်လို့…လယ်တီဆရာတော်ဘုရားကြီးက မိန့်တော်မူခဲ့တယ်..။
ဆဋ္ဌသံဂါယနာတုန်းက သီရိလင်္ကာ
ဆရာတော်တစ်ပါး..၀ါကပ်တော့..
(ဣဓ ၀ဿံ ဥပေမိ.. ဣဓ=ဤအရပ်၌
ဝဿံ= မိုးသုံးလပတ်လုံး ဥပေမိ=ကပ်ရောက်ပါ၏..) လို့အပိုထည့်ဆိုသတဲ့..။
မင်းကွန်းဆရာတော်ဘုရားက…
တစ်ခုတည်းဆိုရင်ရပါပြီ နှစ်ခုလုံး ဆိုစရာ
မလိုပါဘူးလို့မိန့်တော်မူ တော့
အဲဒီဆရာတော်က ပိုလေးနက်စေချင်လို့ပါဘုရားလို့ ပြန်လျှောက်တယ်….။
ကြည်ညိုစရာ တို့သာသနာပါ.. .
အချစ်ရယ် ..။
ဝါဆိုသံဃာတော်များကို ကျေးဇူးတုန့်ပြန် 
ပူဇော်တဲ့ အနေနဲ့ ၀ါဆိုပွဲ ဆိုပြီး အစဉ်အလာ လုပ်လာ
ခဲ့ကြတာမြတ်နိုးစရာ မြန်မာ့ ဓလေ့တစ်ခု
နှစ်ပေါင်းများစွာအခိုင်အမာ ဖြစ်တည်ခဲ့ပြီးသားပဲလေ….။

သံဃာတော်များ ၀ါဆို
အဓိဋ္ဌာန် ဆောက်တည်ထားတဲ့ပန်းကို
လည်းလာကြည်ညိုကြတဲ့ လူတွေက
အန္တရယ်ကင်းအဖြစ် ယူကြတယ်..။
ဒါအန္တရာယ်ကင်းဘို့ သက်သက်
မဟုတ်ဘူး ချစ်သူ..။
အိမ်ရှေ့ လူမြင်ရာမှာ..တ၀ါတွင်းလုံး 
ပန်းညှိုးခြောက်တဲ့ အထိထိုးထားတာဟာ..
ရဟန်း သာမဏေတို့အတွက်….
ရတနာသုံးပါး..ဆည်းကပ် ကိုးကွယ်တဲ့
အိမ်လို့ သင်္ကေတ ပြထားတာပါ…။

ပန်းဆိုလို့ပြောရဦးမယ်..
ဝါဆိုလမှာပွင့်တဲ့ပန်းမှန်သမျှ..
မူလနာမည်ဘာပဲ ဖြစ်နေနေ…
ဝါဆိုပန်းလို့ပေါင်းခေါ်တာပါ…..။
“၀ါဆိုပန်းဘာရခဲ့လဲဟေ့..”
“ဂန္ဓမာပန်း ရခဲ့တယ်..” လို့ပြောရိုးရှိတယ်…။
ဒါကိုစာရေးဆရာတစ်ယောက်က
သူတို့ဒေသထွက် ပန်းကိုသာ ၀ါဆိုပန်း
ခေါ်တယ်ပြောလို့ မဂ္ဂဇင်းတစ်စောင်မှာ ပွဲဆူဖူးတယ်…။
တချို့က သံဃာတော်များ ၀ါဆိုစဉ်
လက်ထဲကိုင်ထားတဲ့ပန်း ကသာ
ဝါဆိုပန်းအစစ်လို့ အဓိပ္ပါယ် ဖွင့်ကြပြန်တယ်…။
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့အချစ် ရယ်…။
ချစ်သူ့ဆံကေသာမှာ ၀ါဆိုပန်း
ပန်ပေးချင်လိုက်တာ…။

လမ်းထိပ်က ကိုလွမ်းဝေ ကိုမှတ်မိလား..။
ညနေဆို အမြဲပုဆိုးကွင်းသိုင်းပြန်တတ်တယ်လေ…။
သူ့အကျင့်ကတမျိုး..၀ါတွင်းဆို အရက်လုံးဝမသောက်ဘူး…။
သူ့မိန်းမက တော့ ပြောရှာပါတယ်..
တနှစ်ပတ်လုံး ၀ါတွင်းဖြစ်ရင်သိပ်ကောင်း
မှာပဲတဲ့…။

အရုဏ်ဆွမ်းလောင်း လူငယ်အသင်းမှာ
ကိုယ်ပါတယ်တဲ့….
လူအင်အားခွဲတမ်းစာရင်းလာပေးနေလို့..။
မိုးတွင်းမဟုတ်လား…သံဃာတော်များ
အရုဏ်ဆွမ်း အခက်အခဲမရှိရအောင်
နေ့စဉ် မနက် လေးနာရီခွဲ ကစပြီး ဆွမ်း
လောင်းကြတယ်…။
ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ရတာ…
အရမ်းပျော်စရာကောင်းတယ်….
အမျိုးသမီးအသင်းက ဆွမ်းလောင်းမှ
လာကြတာ…။ဒေါ်ငွေမှုံ တို့လူကြီးတွေ
အလှည့်ကျ ဦးဆောင် ပေးကြတယ်…
လူငယ်တွေလည်း အလှည့်ကျ ပဲ..။
ကိုယ် အလှည်ကျတဲ့နေ့တော့..
အိပ်ဘို့မစဉ်းစားနဲ့…မိုးအလင်းပဲ..။
အိုးခွက်ပန်းဂံဆေးကြောသိမ်းဆည်း..
နောက်နေ့အလှည့်ကျသူတွေ ဈေးမသွားခင် 
အမီအပ်..ပြီးမှ ပြန်ရတာ..။
အချစ်ရေ တို့နှစ်ယောက်အတူတူ..
လုပ်အားပေးကြမယ်ဆို..သိပ်ပျော်စရာ
ကောင်းမှာပဲနော်.. .။

အော်…ဒါနဲ့ အရုဏ် နော် အချစ်
အာရုဏ်မဟုတ်ဘူး..မူလပါဠိက အရုဏ 
တဲ့… မြန်မာမှုပြုတော့ အရုဏ် ဖြစ်လာတာ…။
အရှေ့ ဘက်က နေရဲ့ နီဖြဖြ အလင်း
စတင် တဲ့အချိန် ကိုခေါ်တယ်..။
ဗုဒ္ဓဘာသာ အရ နေ့တနေ့ ကူးပြောင်းတာ
အဲဒီအချိန် မှနေ့ကူးတာ…ခန့်မှန်းခြေ
မနက် (၄း၃၀ ကနေ ၅း၀၀) နာရီကြားပေါ့..။ ကိုယ့်သူငယ်ချင်းတစ်ယောက်
သူ့အမေကိုအမြဲစတယ်..”ငါ့အမေက
သောကြ်ာသား စနေသမီးကွ”….တဲ့။
မနက်တစ်နာရီမှာမွေးတာကိုး.. ။
အင်္ဂလိပ် လိုဆို ဟုတ်တာပေါ့..
ညဆယ့်နှစ်နာရီမှာ တစ်ရက် ကုန်တာမဟုတ်လား….။
ဗုဒ္ဓ ဘာသာအရတော့ နေ့မကူးသေး
ဘူးလေ….သောကြာသမီးပဲပေါ့…။
တခါတလေ လူကြီးတွေက ညနှစ်ချက်တီးလို့ပြော
လူငယ်တွေက မနက်နှစ်နာရီပါလို့ ငြင်းကြတာ
တအားရယ်ရတယ်…။
အာရုံ ကျတော့ အာရမ္မဏ
ကို မြန်မာမှု ပြုထားတာ..စိတ် အာရုံ လို့
သုံးကြတာလေ…။

အချစ်ရေ…
တ၀ါဝင်တော့မယ်နော်…
တို့နှစ်ယောက်ရဲ့ ကံကြမ္မာက
ဘာမှန်းမသိသေးဘူး…
အမြန်နီးချင်သူရဲ့ အခွင့်အလမ်း
ဟာဘယ်ဆီမှန်းလဲမသိသေးဘူး..။
ဝါ၀င်ရင် အိမ်ထောင် မပြုရဘူးတဲ့….
လူကြီးသူမတွေပြောကြတာပဲ…။
ဗုဒ္ဓ ၀ါဒမဟုတ်ဘူး အချစ်…
ဟိန္ဒူ ဝေဒကျမ်းအလိုအရပါ…။
ဗေဒင်ကျမ်းလို့ပြောရမှာပေါ့…
ဗြို့ဟဇ်ဇာတက ကျမ်းမှာ
လက်မထပ်ကောင်းသောလ..
လက်ထပ်ကောင်းသောလ..
ဘာနက္ခတ်ယှဉ်ရင် အိမ်ထောင်ရေး..
သားသမီး…စီးပွားရေး.. 
ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာမျိုးတွေရေးထားတယ်….နောက်မှပေးဖတ်မယ်နော်…။
လက်ထပ်ကောင်းတဲ့လ လည်း
တနှစ်ပတ်လုံးမှာ သိပ်များများစားစား
မရှိဘူး…ယေဘုယျ အားဖြင့် နယုန်လရယ်…သီတင်းကျွတ်လရယ် ပေါ့…။
မိုးလေးလကို တားမြစ်ထားတယ်.. ။
တို့ဝါဆိုလနဲ့ကိုက်ညီနေတော့..ပိုအဆင်
ပြေတယ်….။
ကိုယ့်သဘောက သူတော်ကောင်းတရား
အားထုတ်ရမဲ့ကာလ မို့ ကာမဂုဏ်မှာ
မမွေ့လျော်သင့်တဲ့အတွက်
တားမြစ်တာလို့ပဲ အဓိပ္ပါယ် ဖွင့်ချင်တယ်…။

အချစ်ရေ….
အိုင်းစတိုင်းက…
စကြ်ာဝဠာ ကိုကိန်းဂဏန်းတွေနဲ့
တည်ဆောက်ထားတာ..တဲ့…။
ကိုယ်တို့အချစ်ကို မေတ္တာနဲ့ပဲ တည်ဆောက်ချင်တယ်….။
ဂုဏ် ငယ်သူမို့ အားငယ်ရပါတယ်
အချစ်ရယ်.. ..။
အရေအတွက်နဲ့ တန်ဘိုးကို 
ကြည့်တတ်တဲ့အသိုင်းအ၀ိုင်းကြားမှာ…
ချစ်ခြင်းမေတ္တာကလွဲလို့…. ဘာမှမရှိတဲ့..
ကိုယ့်အချစ်ကသိမ်ငယ်နေမလားဟင်….။

အချစ်ရေ.. .
အရမ်းလွမ်းတယ် သိလား…
အချစ်ကို အရမ်း ……………..ချစ်တယ်….။
အလုပ်တွေမပြတ်သေးလို့..
နောက်မှ စာရေးလိုက်မယ်နော်…။ 

                                  အစဉ်စိမ်းလန်းပါစေ.. ..
                                       သျှင်ငြိမ်းချမ်း.. ……
                          (8th,July,2014….02:15 Am)

In: ဆောင်းပါး Posted By: Date: Nov 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment