Professional Authors

ကြိမ်ဆဲခံလိုက်ရတဲ့ မြှားနတ်မောင်

အအေးဆိုင်တစ်ဆိုင်၏ တစ်နေရာ စားပွဲတစ်လုံးတွင်
ကောင်လေးတစ်ယောက်နှင့်ကောင်မလေး
တစ်ယောက်ထိုင်နေကြသည်။

ကောင်လေးက ကောင်မလေးကိုရည်းစားစကားပြောရန် ရည်ရွယ်ထားပုံရသည်။

ဘယ်ကစပြောရမှန်းမသိ၍ ကောင်လေးက စကားစ ရှာနေသည်။

ကောင်လေးက စပြီး ကောင်မလေးကိုမေးတယ်။

ကောင်လေး ။ ။ အာဒံက ဧ၀ကိုဘာပြောခဲ့လဲ သိလား…

ကောင်မလေး ။ ။ ဘယ်သိမလဲဟ…ငါကဧ၀မှမဟုတ်တာ..။

ကောင်လေး ။ ။ ဒါဆို ရိုမီယိုက ဂျူးလိယက်ကို လာပြောခဲ့လဲ..။

ကောင်မလေး ။ ။ ငါမှသူတို့ကိုမမှီလိုက်တာ…ပြောတက်ပါဘူး…။

ကောင်လေး ။ ။ ဒုက္ခပဲ..ဟို ခွန်ဆန်လောက နန်းဦးပြင်ကို ဘာပြောခဲ့လဲ..။

ကောင်မလေး ။ ။ သူတစ်နေ့ပြန်လာမယ်လို့ပြောခဲ့တယ်လို့ စာထဲမှာဖတ်ဖူးတယ်..။

ကောင်လေး ။ ။ ကောင်းရော..။ ရာမက မယ်သီတာကို ဘာပြောခဲ့လဲဟာ..။

ကောင်မလေး ။ ။ ဇာတ်ထဲမှာတော့ ကပဲကနေတာပဲ တွေ့တယ်..ဘာမှပြောတာမတွေ့ဘူး..။

ကောင်လေး ။ ။ ဟာ လွဲပြန်ပြီ..။ ဒါဆို….မင်းနန္ဒာက ရှင်မွေးလွန်းကို ဘာပြောခဲ့လဲသိလား ….။

ကောင်မလေး ။ ။ သူ ငမိုးရိပ် ပါးစပ်ထဲကနေ လာခဲ့မယ်လို့ပြောခဲ့တယ်လေ….။

ကောင်လေး ။ ။ ရော်….ခက်ပါလား…မင်းကုသကရောဟာ ပပ၀တီကိုဘာပြောခဲ့လဲ….။

ကောင်မလေး ။ ။ ပပ ထူမှ ထ မယ်တဲ့ …။

ကောင်လေး ။ ။ တောက်…ဘယ်လိုပြောရပါ့မလဲ…နင့်အဖိုးက နင့်အဖွားကို ဘာပြောလဲ….။

ကောင်မလေး ။ ။ သိဘူးလေ..။ သူတို့က ငါကို မမွေးခင်တည်းက ဆုံးသွားတာ..။

ကောင်လေး ။ ။ အေးဟာ…ဒါဆို နင့်အဖေက နင့်အမေကို ဘာပြောခဲ့လဲဆိုတာတော့သိမှာပေါ့..

ကောင်မလေး ။ ။ အင်း..မနက်ကတော့ ရုံးသွားတော့မယ်လို့ပြောသွားတာကြားလိုက်တယ်…။

ကောင်လေး ။ ။ ဟိုက် ! ….သေဟ…(နဖူးကိုလက်နှင့်ရိုက်လျှက် )

ကောင်မလေး ။ ။ တော်ပြီဟာ..ငါသွားတော့မယ်…နင်ကဘာတွေမေးနေမှန်းလဲမသိဘူး…။

ဒီလိုနဲ့ပဲ ကောင်မလေးက ထွက်သွားပါတယ်…။ ရည်းစားစကားမပြောတတ်တဲ့ ကောင်လေးလည်း တစ်ယောက်တည်းကျန်ခဲ့ပါတယ်…။အဲဒီကောင်လေးက စိတ်တိုတိုနဲ့ ဘာမှမဆိုင်ပဲ
ကြိမ်ဆဲခံလိုက်ရတာကိုတော့ မြုားနတ်မောင်တစ်ယောက် မသိခဲ့ပါလားလေ…..။

In: ဆောင်းပါး Posted By: Date: Jan 14, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment