Professional Authors

မြန်မာတို့ ရင်ထဲက မှတ်တမ်း

 

 

မြန်မာတို့ ရင်ထဲက မှတ်တမ်း

 
အချိန်တွေ တဖြေးဖြေးနှင့် တနေ့တာ ဟိုသွား ဒီသွား အလုပ်များနေသော ပတ်ဝန်းကျင်ထဲ ကိုယ့် အလုပ်နှင့် ကိုယ် ရှုပ်ထွေးနေသော်လည်း အမှတ်မထင် စာပုဒ်လေး တစ်ခုကို ရှာဖွေကြည့်လိုက်ပါတယ်။ ကျွန်တော် ရှာဖွေနေသော စာပုဒ်လေးကို သုတေသနအတွက် ရှာနေရင်း စိတ်ဝင်စား စရာကောင်းသော စာလုံးတစ်လုံး တွေ့လိုက်ရပါတယ်။ အဲဒီစာလုံးလေးက အာဇာနည်ဆိုတဲ့ စာလုံးလေး ဖြစ်ပါတယ်။ အဲဒါနဲ့ မြတ်စွာဘုရား ဟောကြားတော်မူသော အာဇာနည်ဆိုတာ ဘယ်လို အဓိပ္ပာယ်ကို မိန့်တော်မူတာပါသလဲဆိုတာကို သိချင်လာပါတယ်။

ပိဋကတ်အားဖြင့် သုတ္တန် ပိဋကတ်၊ နိကာယ်အားဖြင့် ခုဒ္ဒကနိကာယ် သုတ္တနိပါတ အဋ္ဌကထာ(၂) စာမျက်နှာ (၁၅၅) မှာ ဖော်ပြလာ သည့်အတိုင်း ကြည့်ပြီးဆိုရလျှင်….

အာဇာနီယော ကိန္တိ နာမ ဟောတိ?

အဘယ်ဆိုလျှင် အာဇာနည် မည်ပါသနည်း၊ (အာဇာနည်ဆိုတာ ဘာလဲ?)

ပုဋ္ဌော မေ ဘဂဝါ ဗျာကရောဟိ။

အကျွန်ုပ် မေးလျှောက်အပ်သော အရှင်ဘုရားသည် ဖြေတော်မူပါ။

(တပည့်တော် မေးတာလေးကို မြတ်စွာဘုရား ဖြေတော်မူပါ ဘုရား)

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကာလတုန်းက မြတ်စွာဘုရားရှင်ကို သဘိယက သူ မသိတာလေးကို မေးလျှောက်ပါတယ်။ အဲဒါက “ဘယ်လို ပုဂ္ဂိုလ်မျိုးကို အာဇာနည်လို့ အမည်တွင်ပါသလဲဆိုတာ ဘုရားရှင်အား မေးလျှောက်တာကို ဖြေတော်မူပါ” လို့ သဘိယက မေးခဲ့ပါတယ်။

အာဇာနည်ဆိုတဲ့ အနက်အပြည့်အစုံနှင့်သဘောအဓိပ္ပာယ်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့ပါတယ်။ အဲဒါကတော့

ဧတ္ထ ပန ယသ္မာ ပဟီနသဗ္ဗဝင်္ကဒေါသော ကာရဏာကာရဏညူ အေဿာ ဝါ ဟတ္ထီ ဝါ အာဇာနိယော။

လောကမှာ ကောက်ကျစ် စဉ်းလဲတဲ့ အပြစ်အနာ အဆာမရှိပဲ အပြစ်ကင်းပြီး အကြောင်းမှန် ဟုတ်၊ မဟုတ် သိနားလည်သည့် ဆင် မြင်းတို့ကို အာဇာနည် ဆင်၊ အာဇာနည် မြင်းလို့ ခေါ်ယူ သမုတ်ကြပါတယ်။

တကယ်လည်း ကောက်ကျစ်စဉ်းလဲသည့် အပြစ်အနာ အဆာမရှိ အပြစ်ကင်းပြီး အကြောင်းမှန်ကို ဟုတ်သည် မဟုတ်သည်ကို ဝေဖန် ပိုင်းခြားနိုင်သော သိနားလည်နိုင်သော သူတို့ကို အာဇာနည်လို့ သမုတ်ကြသည်မှာ လောက ဓမ္မတာပင် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့…

ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ အဋ္ဌကထာ (၂) စာမျက်နှာ ၁၃၂ နှင့် သဂါထာဝဂ္ဂအဋ္ဌကထာ (၁) စာမျက်နှာ ၂၁၅ တို့မှာ ဖော်ပြသည့်အတိုင်း ဆိုရလျှင်…

ဓိတိမာ အာဇာနီယော ဟိရီနိသေဓော

(သော ဟိ ဓိတိယာ ဂုဏေ ဓာရေတိ, ဟိရိယာ ဒေါသေ နိသေဓေတီတိ..(ပ) ‘‘ဟိရိယာ ဟိ သန္တော န ကရောန္တိ ပါပ’’န္တိ။)

တည်ကြည်မှုနှင့် ဂုဏ်ရှိသည့် အလုပ်တွေကို လုပ်ပြီး၊ အရှက်တရားနှင့် မကောင်းမှုတွေကို မပြုပဲ ရှောင်ရှားကြတဲ့ ထင်ရှားသူ

သူတော်ကောင်းတွေဟာ အာဇာနည်တွေပါ” လို့ ဖော်ပြထားပါတယ်။

ဝိသုဒ္ဓိမဂ္ဂ မြန်မာပြန် ပထမအုပ် ကျမ်းဂန်ပလိဗောဓ မှာလာရှိ စကားလေးကား…

အာစရိယော နော အာဝုသော ဥဇု အာဇာနီယော။

ငါ့ရှင်တို့ ငါတို့၏ ဆရာသည် ဖြောင့်မတ်သလို အာဇာနည် ဖြစ်တယ် လို့ မိန့်ဆိုထားပါတယ်။

ဒါကြောင့် လောကကြီးမှာ နည်းလမ်းကောင်းတွေ ညွန်ပြတတ်သော၊ ဖြောင့်မတ်သော၊ အသိပညာ အတတ်ပညာ၊ တိုင်းပြည်နှင့် လူမျိုးတွေကို ကယ်တင်စောင့်မတတ်သော သူတော်ကောင်းတွေကို အာဇာနည်လို့ ခေါ်ကြပါတယ်လို့ အရှင်မဟာဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်တွင်လည်း တွေ့ရှိခဲ့ပါတယ်။

ထို့အပြင် အာဇာနည်ဆိုတာ တည်ကြည်မှုနှင့် ပကတိဂုဏ်ရှိသည့် အလုပ်တွေကို လုပ်ပြီး အရှက်တရားနှင့် မကောင်းမှုတွေကို မပြုပဲ ရှောင်ရှားကြ၍ ထင်ရှားလာသူ သူတော်ကောင်းတွေကို အာဇာနည်တွေပါလို့ ခေါ်ကြတယ်ဆိုတာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူသော ပါဠိတော် စာပေတွေမှာ တွေ့ရှိလာပါတယ်။ အဲဒါလေးတွေကို မှတ်သားပြီး တနေ့တာ ကိစ္စလေးများ ပြီးဆုံးလို့ အိပ်ရာထဲသို့ ဝင်ရောက်ခဲ့ပါတယ်။

ဒီနေ့ အာရုဏ်ဦး ခရီးသွားနေသည့် အတွေးတိမ်ရိပ်များ တရိပ်ရိပ် လှုပ်ရှားနေပါတယ်။ ကောင်းကင်ကြီး တစ်ခုလုံးလည်း တိမ်ရိပ် တိမ်စွယ်တွေ ယှက်သိုင်းလို့ ရွာမလိုလို မိုးသားတွေ ပြေးလွှားနေလျက်ပါ။ ထို့ပြင် အနည်းငယ် အအေးဓာတ်က လွှမ်းခြုံနေပေမဲ့ လွမ်းဆွတ်မှုတစ်ခုက ရင်ထဲကို သိုင်းဖက်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာတို့ရဲ့ မမေ့နိုင်စရာ အာဇာနည် သူရဲကောင်းဖြစ်တဲ့ လွတ်လပ်ရေး ဗိသုကာကြီး၏ (၉၈) ကြိမ်မြောက် မွေးနေ့ ရောက်တော့မည် ဖြစ်သောကြောင့်ပင် ဖြစ်ပါတယ်။

ဒါနဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက စာသင်ကျောင်းမှာ ဆိုခဲ့ဖူးတဲ့ ဆောင်ပုဒ်လေးကို နှုတ်က ရွတ်ဆိုမိပါတယ်။ အဲဒါလေးက အောက်ပါ ဆောင်ပုဒ်လေး ဖြစ်ပါတယ်။

အောင်ဆန်းဇာနည်

═══════════

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ

ဗိုလ်ချုပ်မွေးနေ့ပါ

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး

ရှေ့နေဦးဖာ သား

ဇာတိနတ်မောက် မကွေးခရိုင်

သိကြ များခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား

မိခင် ဒေါ်စုသား ….

တစ်ထောင့် ကိုးရာလေးဆယ့်ခွန်

ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး

ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ် ဒို့ဖခင်

ကောင်းစေချင်တဲ့ အမှာစကား

ငါတို့ မမေ့အား။

ပြည်ထောင်စုရေး ကြိုးပမ်းဆောင်

ပြည်ချစ် ဒို့ခေါင်းဆောင်

ဒီမိုကရေစီ လမ်းစဉ်များ

ဗိုလ်ချုပ် ချမှတ်သွား။

══════════════════

ဗိုလ်ချုပ်ဦးအောင်ဆန်း

══════════════════

အာရုံဦးက ကြယ်နီဖြာ ဗိုလ်ချုပ်အောင်ဆန်းပါ၊

ဒို့ဗမာပြည် အမှောင်ခွင်း သူခေါင်းဆောင်လို့လင်း၊

စိတ်ရင်းမှန်လို့ သစ္စာတည် ဗိုလ်ချုပ်အာဇာနည်၊

တိုင်းပြည်ကောင်းအောင် သူသယ်ပိုး သူ့ဂုဏ်ဘယ်မညှိုး၊

ရိုးသားဖြောင့်မတ် သူ့မူရာ ငယ်ငယ်တည်းကပါ၊

ဗမာပြည်သူ့အချစ်ပန်း ဗိုလ်ချုပ်ဦးအောင်ဆန်း။

(ဆရာဦးတင်မိုး)

══════════════════

ကျွန်တော်တို့ စာပေသမိုင်းထဲကအတိုင်း ဖော်ပြရမည်ဆိုလျှင် လွတ်လပ်ရေး ဗိသုကာကြီးကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မြန်မာသက္ကရာဇ်အားဖြင့် ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် နတ်မောက်မြို့၌ နေထိုင်သော အမိန့်တော်ရ ရှေ့နေ ဦးဖာနှင့် ဒေါ်စုတို့မှ ဖွားမြင်ခဲ့သော သားထွေး ဖြစ်ပါတယ်။ သူ၏ အဘိုးအမည်မှာ ဦးမင်းရောင် ဖြစ်ပါတယ်။ သူ၏ ငယ်နာမည်မှာ ထိန်လင်း ဖြစ်ပြီး အစ်ကိုဖြစ်သူ ကိုအောင်သန်း အမည်နှင့် လိုက်ဖက် တူညီအောင် အောင်ဆန်း လို့ နာမည် ထင်ရှားခဲ့ပါတယ်။ သူ၏ မွေးချင်းအားလုံးကိုတွက်လျှင် သူအပါအဝင် ရှစ်ယောက် ဖြစ်ပါတယ်။

သူ၏ ညီအစ်ကို မောင်နှမများကို ရေတွက်ရမည်ဆိုလျှင်…..

(၁) ဒေါ်ခင်ညွန့် (ဝန်ထောက်ကတော်)

(၂) ဒေါ်ဝက် (အပျိုကြီး)

(၃) ဦးဘဝင်း (ဘီ.အေ ဘီ. အက်စီ)

(၄) ဒေါ်ရွှေမှန် (ငယ်စဉ်က သေဆုံး)

(၅) ဦးနေအောင် (အမိန့်ရ ရှေ့နေ)

(၆) ခုနှစ်လသား အမွှာနှစ်ယောက် ပုခတ်တွင်း သေဆုံး

(၇) ဦးသန်းအောင် (ဘီ.အေ) မကွေး အရှေ့ မြောက်ပိုင်း လွှတ်တော်အမတ်

(၈) ဗိုလ်ချုပ်အောင်ဆန်း တို့ ဖြစ်ကြပါတယ်။

သူကို မွေးဖွားသည့် အချိန်တုန်းက သိပ်မထူးခြားလို့ မိဘများနှင့် မောင်နှမများ သူရဲ့ ထူးခြားမှုတွေကို မသိခဲ့ကြပါဘူး။ သူ လမ်းလျှောက်တတ်သည့် အရွယ်ရောက်တော့ သူရဲ့ ထူးခြားမှုတွေကို မိဘများနှင့် မောင်နှမများ သိလာခဲ့ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက တော်တော်လေးကို ဂွကျတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါ။ သူ ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတာကြောင့်လည်း လူကြီးမိဘများက ဆွံ့ အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြမိခဲ့ကြပါတယ်။

ထို့အပြင် သူ ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာခဲ့သလို အစားအသောက်ကိုလည်း ရွေးချယ် စားသောက်သည့်အပြင် အသား ငါးတို့ကို အလွန်နှစ်သက် သူလည်း ဖြစ်ပါတယ်။ တစ်ခါတရံ သူသည် သူ့မိခင်နှင့် ဈေးဝယ်လိုက်သွားလျှင် အသားစိမ်းမြင်တာနှင့် အတင်းလုစားသလို လုပ်တတ်လို့ သူ့မိခင်ရဲ့ ကရုဏာ ဒေါသဖြင့် ဆူခံခဲ့ရပါတယ်။ ဒီအပြင် သူ့ရဲ့ပင်ကိုယ်အနေအားဖြင့် အရမ်းကောင်းပေမဲ့ ယဉ်ကျေးသည့် လူတွေကို တွေ့မြင်လျှင်လည်း အမြင်မကြည်လင်သလိုဖြစ်ပြီး သူကိုယ်တိုင် အဲသည်လူတွေရဲ့ ကြားမှာ နေသားမကျခဲ့ပါဘူး။ သူ နေချင်သည့် ပုံစံက ဖွင့်လင်းပြီး အရိုင်းတစ်ယောက်လို ကြမ်းတမ်းနေပေမဲ့ တည်ကြည်ဖြောင့်မတ်သော လွတ်လွတ်လပ်လပ် သန်စွမ်းသော ပုံစံဖြစ်ပါတယ်။

သူ ငယ်စဉ်တုန်းက အနုပညာကို ဝါသနာပါလို့ အတီးအမှုတ် အကအခုန်တွေကို ပြုလုပ်တာ တော်တော် နှစ်သက်ခဲ့ပါတယ်။ အဲဒီထဲက အထူးသဖြင့် ဆိုင်းတီးတာ ဝါသနာ တော်တော်ပါတယ်လို့ ပြောကြပါတယ်။ ထို့အပြင် စားပွဲဖြစ်ဖြစ် ခုံဖြစ်ဖြစ် ခေါက်စရာ တွေ့ပြီဆိုရင် လက်ဝါးကွဲသည့်အထိ အမြဲတမ်း တီးခေါက်လေ့ ရှိပါတယ်။ အချိန်ရလျှင်လည်း များသောအားဖြင့် ချောင် တစ်ချောင်မှာ ကပ်ပြီး ဣနြေ္ဒကြီးနှင့် မှိုင်ကာ ထွေရာလေးပါး စဉ်းစားလေ့ရှိသလို အားကစား ကစားလေ့ မရှိပါဘူး။ အားကစား ကစားလျှင်လည်း လူကြမ်းကြီးလို ကြမ်းတမ်းပြီး ကြမ်းတမ်းသည့် အားကစားကို အလွန်နှစ်သက်ခဲ့ပါတယ်။ မျက်နှာလို မျက်နှာရနှင့် အထက်လူကြီးတွေကို တိုင်ပြောခြင်း စသည်တွေကို အလွန် စပ်ဆုတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

သူရဲ့ မိဘနှစ်ပါးလုံးက ပညာဥာဏ် ထက်မြက်သူတွေ ဖြစ်ကြပါတယ်။ သူ၏ ဖခင်သည် ရှေ့နေ စာမေးပွဲမှာ မြန်မာ တစ်ပြည်လုံး တတိယဆုကို ရရှိခဲ့ပါတယ်။ သူ၏ ဦးလေး၊ အစ်ကိုများ၊ ညီအစ်ကိုဝမ်းကွဲများကလည်း ကျောင်းစာမေးပွဲတွေမှာ ထိပ်တန်းကလျှင် ထူးချွန်စွာ အောင်မြင်ခဲ့ကြပါတယ်။ သူ၏ မိဘများကလည်း ပညာရေး အထူး အားပေးလိုလားသည့်အတွက် ငါးနှစ်သားရောက်သူ သားသ္မီး အားလုံးကို ကျောင်းထားခဲ့ကြပါတယ်။ သို့သော် သူသည် အသက်အငယ်ဆုံးဖြစ်၍ အလိုလိုက်ထားသဖြင့် သူ့အသက် ရှစ်နှစ်ရောက်မှ မိဘများက ကျောင်းစတင်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အစ်ကိုဖြစ်သူက ရှင်ပြုတာ အားကျလို့ ကျောင်းနေခဲ့တာလို့ ဆိုကြပါတယ်။ ကျောင်းတက်တော့လည်း အတန်းကျောင်းတက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်မှာ ၁၀ တန်းကို အောင်မြင်ခဲ့ပါတယ်။ သူသည် အင်္ဂလိပ်-မြန်မာ သတ္တမတန်း စာမေးပွဲမှာ မြန်မာ တစ်ပြည်လုံး နဝမ ရရှိခဲ့ပြီး အထက်တန်းတတ်ဖို့ရန် စကော်လာ ရရှိခဲ့ပါတယ်။ ထို့အပြင် ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းတွင်လည် ပထမ ဦးရွှေရိုးဆု ကို ရရှိခဲ့ပါတယ်။

သူသည် အထက်တန်းစာတွေကို နတ်မောက်နှင့် ရေနံချောင်းတို့မှာ သင်ယူခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ မြန်မာစာပေ၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ပညာရပ်တွေကို လေ့လာ သင်ယူခဲ့ပါတယ်။ သူသည် နိုင်ငံရေး စိတ်ထက်သန်မှုကြောင့် ကျောင်းစာပေများကို မလေ့လာနိုင်သည့်အတွက်ကြောင့် အတန်းကျောင်း ပညာတွင် ဘီ.အေ တန်းကို အောင်မြင်ယုံသာ ဖြစ်သလို တဖက်ကလည်း ကျောင်းသားသပိတ် ခေါင်းဆောင်ဖြစ်၍ အလုပ်များ ရှုပ်ထွေးမှုကြောင့် ဘီ.အေ တန်းတွင် တက္ကသိုလ်မှာ တစ်နှစ် မဖြေပဲ နေခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဘီ.အယ် အတန်း တက်သည့်အချိန်မှာတော့ ကျောင်းတက် အတန်းကလည်း မှန်မှန်မတက်၊ အတန်းဆိုင်ရာ စာအုပ်ကလည်း စုံစုံလင်လင် မရှိ၊ ရေးသားထားသည့် မှတ်စုကလည်း မရှိ၊ အလုပ်များလွန်းလို့ စာလည်း မကြည့်၊ သူ စိတ်သန်ရာ မြန်မာနိုင်ငံရေးကိုသာ လေ့လာ လိုက်စားခဲ့တာကြောင့် ပထမနှစ် ဘီ.အယ် အတန်းတင် စာမေးပွဲတွင် ကျရှုံးခဲ့ရပါတယ်။ ထိုအရာသည် သူ့ ဘဝရဲ့ ပထမဦးဆုံးနှင့် နောက်ဆုံး ခံစားလိုက်ရသော ကျရှုံးခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေ ရာဇဝင်ဖြစ်သည့် ပထမမေးခွန်းမှာ သူ၏ ဖြေဆိုချက်သည် ပထမ ရရှိခဲ့ပါတယ်။ ဘီ.အယ် ဒုတိယနှစ်မှာတော့ သူသည် နှစ်ပြည့်အောင် ကျောင်းမနေတော့ပါ။ အကြောင်းမှာ ဥရောပတိုင်မှ မြူနစ်စာချုပ် မချုပ်ဆိုခင် စစ်ဖြစ်မလို ဖြစ်နေသည့် အခြေအနေနှင့် မြန်မာပြည်ကလည်း အဓိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ဘီ.အယ် ဒုတိယနှစ် နှစ်ဝက်တွင် ကျောင်းထွက်ပြီး သခင်ဘဝသို့ ကူးပြောင်းခဲ့ပါတယ်။

သူဟာ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားသမဂ္ဂတွင် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် တက္ကသိုလ် အုပ်ချုပ်ရေး အရာရှိ တစ်ဦးကို ညွန်းဆိုသော ဆောင်းပါးဖြစ်သည် ငရဲခွေးကြီး လွတ်နေသည် ဆောင်းပါးကို အမည်မဖော်ပြသည့်အတွက် သခင်နုနှင်အတူ ကျောင်းမှ နှင်ထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ကျောင်းသားသပိတ် ဖြစ်လာပြီး မကြာခင် ကျောင်းက နှင်ထုတ်သည်ဆိုသော အမိန့်ကို ပြန်ရုတ်သိမ်းသွားပါတယ်။

၁၉၃၈ ခုနှစ်မှာ သူဟာ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားသပိတ်က မန္တလေးကို ကူးစက်ပြီး နောက်တွင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ နှစ်ခုလုံး၏ ဥက္ကဌအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ထိုနှစ်မှာပင် အစိုးရက သူကို ရန်ကုန်တက္ကသိုလ်၏ အက် ဥပဒေ ပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် သူသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းပြီး ဗြိတိသျှဆန့်ကျင်ရေး သမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တဖြေးဖြေးနှင့် နောက်ပိုင်းတွင် ဒို့ဗမာအစည်းအရုံးဝင် တစ်ဦး ဖြစ်လာသည့်အခါတွင်လည်း သခင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

၁၉၃၀ ပြည့်နှစ် မေလတွင် ထိုအသင်းကြီးကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး သူသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးအဖြစ် ၁၉၄၀ ပြည့်နှစ် သြဂုတ်လအထိ လုပ်ဆောင်ခဲ့ပါတယ်။ တာဝန်ထမ်းရွက်စဉ်တွင် ၁၃၀၀ ပြည့် အရေးတော်ပုံ ဟု အများသိသည့် နိုင်ငံတဝန်း သပိတ်ပွဲကြီးများကို လှုပ်ဆော် ဆောင်ရွက်ခဲ့ပါတယ်။

ဤသမိုင်းကို ပထမပိုင်း အနေဖြင့် ပါဠိစာပေနှင့် နှိုင်းယှဉ်၍ အထွေထွေ သမိုင်းစာများ၊ အွန်လိုင်း၊ ဝက်ဆိုဒ်များနှင့် အခြားသော ဆိုဒ်များမှာ ပေါင်းစပ်ပြီး ပြန်လည် ရေးသားခြင်း ဖြစ်ပါတယ်။

တက္ကသိုလ်မြတ်မင်း


In: ဆောင်းပါး Posted By: Date: Feb 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment