Professional Authors

မြန်မာစာ၊ မော်ဒန် ဆိုသော ကဗျာအချို့၊ ခံစားမှု နှင့် ဖန်တီးသူလိုင်စင်

မြန်မာစာ၊ မော်ဒန် ဆိုသော ကဗျာအချို့၊ ခံစားမှု နှင့် ဖန်တီးသူလိုင်စင်

အခုခေတ်မှာ မြန်မာစာလုံးပေါင်း အမှားအယွင်းတွေ နေရာတကာ တွေ့နေရပါတယ်။ အထူးသဖြင့် အင်တာနက် စာမျက်နှာတွေပေါ်မှာပါ။ ဒီလိုဖြစ်လာတာဟာ အများအားဖြင့်ကတော့ နိုင်ငံခြားမှာ ကြီးပြင်းလာကြရတဲ့ လူငယ်တွေအနေနဲ့ မြန်မာစာကို အသေအချာ သင်ကြားခွင့် မရရှိခဲ့ကြလို့ ဒီလိုဖြစ်လာတာ ဖြစ်နိုင်ပါတယ်။
ဒါက ခွင့်လွှတ်နားလည်နိုင်စရာရှိပါတယ်။
မော်ဒန်ကဗျာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ လက်လည်း လက်ခံပါတယ်။ တချို့ကဗျာတွေဆို အလွန် လှပတဲ့ အဖွဲ့လေးတွေနဲ့ ခံစားလို့လည်း ရပါတယ်။
သို့သော်လည်း အချို့သော မော်ဒန်သမား ဆိုသူများကတော့ စာလုံးပေါင်းဟာ လုံးဝအရေးမကြီးဘူးလို့ ယူဆထားဟန်ရှိပါတယ်။ အဲဒါကို ကာကွယ်တဲ့ ဆောင်းပါးတွေလည်း တချို့က ရေးကြပါတယ်။‎ ရိုးရိုးသားသား မှားတာက အကြောင်းမဟုတ်ပေမဲ့ ကပေါက်တိ ကပေါက်ချာ စာလုံးပေါင်းတွေနဲ့ တမင်မှားပေါင်းပြီး မြန်မာစာကို ဖျက်ဆီးကြခြင်းကတော့ အရုပ်ဆိုးလွန်းလှပါတယ်။ ဒီလိုရေးထားတဲ့ တချို့ကဗျာတွေ တွေ့ဖူးပါတယ်။ အဲဒါကို “နိမိတ်ပုံ” လို့ ဆိုတဲ့အပြင်၊ “ဖန်တီးသူလိုင်စင်” ရယ်ပါလို့ အကာအကွယ်ယူပြီး ပြောတဲ့သူကလည်း ပြောကာ မြန်မာစာကို ဖျက်ဆီးခြင်းကို အားပေး အားမြှောက် ပြုနေကြပါတယ်။

ကြာတော့ ကြာခဲ့ပါပြီ။ အင်တာနက်ပေါ်က “ဖန်တီးသူလိုင်စင်” ဆိုတဲ့ဆောင်းပါးတပုဒ်မှာဆိုရင် ထူးအိမ်သင်နဲ့ ဦးစောနုတို့ရဲ့ အခြေအတင် ဖြစ်ကြတဲ့ ‎အကြောင်းနဲ့ ဥပမာပေးပြီး ‎ဆောင်းပါးရှင်က စထားပါတယ်။ ‎ဖတ်ကြည့် လိုက်တော့ ဦးစောနုက ပဉ္စဂံတေးစုစီးရီးကို ဝေဖန်တဲ့ နေရာမှာ ခိုင်ထူးရဲ့ သီချင်းဆိုပုံဆိုနည်းစံနစ် ‎ကို မလိုအပ်ဘဲ လည်ပင်းကြွက်သားတွေ ညှစ်ပြီး သီချင်း သီဆိုတယ်လို့ ဝေဖန်တာကို ထူးအိမ်သင်က လက်မခံဘဲ သီချင်းဝေဖန်သူအနေနဲ့ သံစဉ်ကောင်းတယ်၊ ညံ့တယ်၊ အသံကောင်းတယ်၊ ‎မကောင်းဘူး ‎ဝေဖန်နိုင်ပေမယ့် ဘယ်လိုသီဆိုရမယ်ဆိုတာတော့ နည်းလမ်းပြခွင့် မရှိဘူးလို့ ပြန်လည် ‎ချေပတဲ့အကြောင်းကို ကိုးကားထားတာ ဖြစ်နေပါတယ်။
ဝေဖန်တယ်ဆိုတာဟာ ပရိသတ်အနေနဲ့ ဝေဖန်ခြင်းနဲ့ ပညာရှင်ရဲ့အမြင်နဲ့ဝေဖန်ခြင်းဆိုပြီး ရှိပါတယ်။ ‎‎ရင့်ကျက်တဲ့အနုပညာရှင်တို့မည်သည် ဝေဖန်ခြင်းကို သဘောထားကြီးစွာ လက်ခံလေ့ရှိကြပါတယ်။ ဦးစောနုရော ထူးအိမ်သင်ရော နှစ်ယောက်စလုံးဟာ ‎‎ဂီတပညာရှင်များ ဖြစ်တဲ့အတွက် ဦးစောနုဟာ ‎ပညာရှင်တဦးရဲ့အမြင်နဲ့ နည်းစံနစ်ပိုင်းကို ဝေဖန်ပိုင်ခွင့် ‎ရှိပါတယ် (ထူးအိမ်သင် နဲ့ ဦးစောနု ဘယ်သူက ပိုသာတယ်လို့ ‎ကျွန်တော် မပြောပါ။ ထူးအိမ်သင်ဟာ ‎ကျွန်တော် အလွန်နှစ်သက်တဲ့ တေးရေးဆရာ အဆိုရှင်ဖြစ်ပါတယ်။ ဟာမိုနီပိုင်းကိုလည်း ‎တကယ် ‎တတ်ကျွမ်းနားလည်သူ ပညာရှင်တဦးပါ)။ ဆရာဝန်တဦးဟာ ဆေးပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာ ‎တခုကို ‎ဆေးပညာရှုထောင့်က ဝေဖန်နိုင်သလို အင်ဂျင်နီယာတဦးဟာလည်း ပညာရပ်ဆိုင်ရာ ‎အကြောင်းအရာတခုကို ‎သက်ဆိုင်ရာပညာရှင်အနေနဲ့ ဝေဖန်လို့ ရပါတယ်။
ဆက်ပြီး ထူးအိမ်သင်က “အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီနေရာမှာ နားရွက်နဲ့ဆိုမှ သူ့ခံစားချက်ကို ‎ဖော်ပြနိုင်မယ်လို့ ‎ယူဆရင် နားရွက်နဲ့ရအောင်ဆိုမှာပါ” လို့ပြောပါတယ်။ တကယ်တော့ ဒါဟာ ‎နည်းစံနစ်ပိုင်း (‎technique) ကိုပြောထားခြင်းသာဖြစ်ပါတယ်။ ဘယ်လိုဆိုမယ် ဆိုတာ ‎နည်းစံနစ်ပါ။ License မဟုတ်ပါ။ ဆောင်းပါးရှင်က ‎ဒါကို မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူပြီး “ဒါ ‎ဖန်တီးသူ လိုင်စင်အတွက် အကောင်းဆုံး ဥပမာတစ်ခုပါ။” လို့ ‎အလွဲလွဲအချော်ချော် ပြောထားကြောင်း တွေ့ရှိရပါတယ်။‎
ဆက်ပြီး “သဒ္ဒါတွေ၊ သတ်ပုံတွေ ဟာလည်း ထိုနည်းလည်းကောင်း၊ ဖန်တီးသူကို ချုပ်ချယ်မထားနိုင်ပါဘူး။‎ ဖန်တီးသူ လိုင်စင်အရ သဒ္ဒါမှားမှ ဖြစ်မယ်၊ သတ်ပုံတွေလွဲနေမှ နေသာထိုင်သာရှိမယ်လို့ ယူဆရင် ‎သူ့ခံစားချက်ကို ‎ဖော်ထုတ်ဖို့ သတ်ပုံအမှားတွေ၊ သဒ္ဒါအလွဲတွေနဲ့ သူ ရေးစပ်ကောင်း ‎ရေးစပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူမှာ ‎ဖန်တီးသူ လိုင်စင် ရှိနေလို့ပါ။‎” လို့ ဆိုပြန်ပါတယ်။ ပြီးမှ ကပေါက်တိကပေါက်ချာ သူငယ်တန်းကလေး ရေးတဲ့စာထက် ဆိုးအောင်ရေးထားတဲ့ မော်ဒန် ဆိုတဲ့ ကဗျာတပုဒ်နဲ့ ဥပမာ ပြပါတယ်။ မြန်မာစာ သတ်ပုံများ တမင်မှားယွင်းထားသော ထိုကဗျာကို ဖော်ပြရန် မသင့်လျော်၍ မဖော်ပြတော့ပါ။
ဆောင်းပါးရှင်က ဆက်လက်ညွှန်းဆိုထားပြန်တာကတော့ “ရှေးဟောင်းအစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေရဲ့ အနှောင်အဖွဲ့က ‎လွတ်မြောက်ချင်တဲ့ဆန္ဒ၊ သူ့ခံစားချက်တွေကို ဖော်ပြဖို့ ‎ဘာသာစကားက လိုက်မမီသလို ခံစားရချိန်မှာ ‎ခံစားမှုကိုနားလည်နိုင်အောင် ဘာသာပြန်လိုအပ်သလို ခံစားရမှု၊ ‎စည်းကမ်းတွေ၊ ဝေဖန်မှုတွေနဲ့ ‎မွန်းကြပ်နေတဲ့ အနုပညာရဲ့ ပေါက်ကွဲသံ၊ ကဗျာကို မြတ်မြတ်နိုးနိုးချစ်မိသူတစ်ဦးရဲ့ ‎ပုဂ္ဂလလွတ်လပ်စွာ ‎လောင်မြိုက်ခွင့်ကလေး လိုချင်မှု၊ စတဲ့ နူးညံ့စွာပေါက်ကွဲမှုသံစဉ်ကလေးကို ကဗျာဖွဲ့သီရာမှာ ‎‎ကဗျာဆရာဟာ သတ်ပုံအမှားတွေကို တမင်တကာကြားညှပ်လို့ နိမိတ်ပုံတစ်ခုသဖွယ် ‎‎ယူသုံးသွားပါတယ်။ ‎

ကဗျာရဲ့ theme နဲ့ လိုက်ဖက်တဲ့ သတ်ပုံအလွဲတွေ အဖြစ် ကဗျာကို အရောင်ပိုပြီးထွက်လာစေပါတယ်။

ဒါဟာလည်း ဖန်တီးသူလိုင်စင်တစ်ခုပင် ဖြစ်ပါကြောင်း” ပါတဲ့။

သြော် …ဖြစ်မှ ဖြစ်ရပလေ … ငါ့နှယ် သေပြီဆရာ လို့သာ ပြောလိုက်ချင်ပါတော့တယ်။
‎ဒီနေရာမှာ ဖန်တီးသူလိုင်စင် ဆိုပြီး ဆောင်းပါးရှင်က ရည်ညွှန်းထားခြင်းဟာ Poetic License (licentia poetica)‎ ‎ကိုပြောခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ Poetic License ရဲ့ ‎အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition‎) ကို ‎ကြည့်မယ်ဆိုရင် …‎
‎”the ability of a poet to ignore some of the minor requirements of grammar for ‎poetic effect.” ‎လို့ဆိုထားပါတယ်။ ဒီနေရာမှာ ‎”minor requirements” ဆိုတာကို ‎သတိပြုရမှာဖြစ်ပါတယ်။ အသေးအဖွဲ လိုအပ်ချက်များ ‎ကို လစ်လျူရှုနိုင်တယ်လို့ ‎ဆိုလိုရင်းဖြစ်ပါတယ်။ သဒ္ဒါစည်းမျဉ်း တခုလုံးကို ပြောင်းပြန်လှန်ပြီး စာလုံးတွေကို ‎‎ကပေါက်တိကပေါက်ချာ ရေးပစ်လို့မရပါဘူး။ ‎‎ဒါကြောင့် ‎ဒီလိုအရေးအသားမျိုးကို ဖန်တီးသူလိုင်စင် အဖြစ် လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဟာ ဖျက်ဆီးခြင်း ဖြစ်တယ်လို့ မြန်မာစာပေကို မြတ်နိုးသူ တစ်ဦးအနေနဲ့ ကောက်ချက်ချမိပါတယ်။
ပညာရှင်ကြီးတွေ အနေနဲ့ ကဗျာရေးတဲ့ အခါ ‘ကာရန်ငဲ့’ တယ် ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ‎‎ဒါဟာ ‎ကာရန်ကိုက်ညီစေလိုတဲ့သဘောကြောင့် သဒ္ဒါစည်းမျဉ်းကိုဖေါက်ဖျက်ပြီး တချို့သောစာလုံးပေါင်း ‎များကနေ သွေဖည်ခဲ့တဲ့ ‎အထောက်အထားတွေရှိပါတယ်။ တနည်းအားဖြင့် ဒါဟာ မြန်မာတွေရဲ့ Poetic License ပဲဖြစ်ပါတယ်။ မြဝတီမင်းကြီး ‎ဦးစ က ‘လကိုမြင်၊ ကြယ်စင် ဟုတ်ဖူး’ ရယ်လို့ ဆိုရာမှာ ‎ကာရန်ကိုက်ညီအောင် ‘စင်ကြယ်’ ဆိုတဲ့စကားကို ‘ကြယ်စင်’ ‎ရယ်လို့ ပြောင်းပြန်ရေးခဲ့ဖူးပါတယ်။ ‎ဆရာဦးပုညကလည်း မေဓါဝီကို ကာရန်ကိုက်အောင် ‘မေဓါဝေ’ ဆိုပြီး ‎သုံးနှုန်းသွားခဲ့ပါတယ်။ ‎‎ဒါတွင်မက …‎
‎”နွဲ့လည်းမချည်း၊ ကြည်းလည်းမရွှင်း၊ ဝင်းလည်းမဝါ၊ ပြာလည်းမညို့၊ ပြို့လည်းမဖွံ့” ဆိုပြီး ‎စာလုံးပေါင်းတွေကို ပြောင်းလဲ ‎သုံးစွဲခဲ့တဲ့ အထောက်အထားတွေရှိခဲ့ပါတယ်။ တကယ်တော့ နွဲ့လည်း ‎မချည့် (မချည့်နဲ့)၊ ကြည်လည်း မရွှင်၊ ‎‎(ကြည်ကြည်လင်လင်ရှိသော်လည်း မိန်းမရွှင်ကဲ့သို့မဟုတ်)၊ ပြာ ‎‎(လတ်ဆတ်) သော်လည်း မညို (မည်းနက်မနေ)၊ ဆိုတဲ့ ‎စကားတွေကို ကာရန်ငဲ့ပြီး ပြောင်းလဲ စပ်ဆို ‎ထားတာပါ။‎
‎ဒါပေမယ့် ဒီပညာရှင်ကြီးတွေအားလုံးဟာ မြန်မာသဒ္ဒါစည်းမျဉ်းတွေကို ‘ခံစားမှု’ ဆိုတဲ့ မျက်နှာဖုံးတပ်ပြီး ‎အကြောင်းမဲ့ ‎ဖေါက်ဖျက်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။‎
ဆောင်းပါးရှင်ပြောတဲ့ “သဒ္ဒါတွေ၊ သတ်ပုံတွေ ဟာလည်း ထိုနည်းလည်းကောင်း၊ ဖန်တီးသူကို ‎ချုပ်ချယ်မထားနိုင်ပါဘူး” ‎ဆိုတာဟာ အလွန်မှားယွင်းတဲ့ အယူအဆတခုဖြစ်ပါတယ်။ ကျွန်တော်တို့ ‎မြန်မာစာ တွင်မက ဘာသာစကားတိုင်းမှာ ‎သဒ္ဒါတွေ၊ သတ်ပုံတွေဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ ‎ကနေ ပါဝင်နေပါတယ်။ ဥပမာ တခုပြပါရစေ။ ‎သတင်းစာဆရာကြီး အောင်ဗလ ခေါ် ကြေးမုံဦးသောင်း ‎က စာလုံးလေးတလုံးကို ပြောင်းလိုက်တာနဲ့ အဓိပ္ပါယ် လုံးဝ ‎လွဲချော်သွားတဲ့ စာတပုဒ် ရေးခဲ့ဖူးပါတယ်။ ‎တိရစ္ဆာန်ရုံမှာ ရှိနေတဲ့ ခြင်္သေ့ကြီးအတွက် ခြင်္သေ့မငယ်ငယ်လေးကို ‎လှောင်အိမ်ထဲ အတူ ထည့်ပေးတော့ ‎ခြင်္သေ့မလေးက အကပ်မခံတဲ့အကြောင်း ရေးထားတဲ့ ဆောင်းပါးထဲမှာ ပါပါတယ်။ ‎မူရင်း သီချင်း ‎စာသားဖြစ်တဲ့ “.. ကလေးစိတ်မို့ ပျိုနားမလည် .. ခင်ဟာ ငယ်သေးတယ်” ဆိုတာကို ‎‎အောက်မြစ်ကလေးတခုထည့်ပြီး “ခင့်ဟာ ငယ်သေးတယ်” ဆိုပြီး ပြောင်းရေးလိုက်တော့ အဓိပ္ပါယ်တွေ ‎‎တက်တက်စင်အောင် ပြောင်းလဲကုန်တော့ တာပါပဲ။ ‎
ကျွန်တော်တို့ မြန်မာစာပေရဲ့ စည်းမျဉ်းတွေကို ရှေးလူကြီးများက အလကား မနေနိုင်မထိုင်နိုင် လက်ယားပြီး သတ်မှတ်သွားခြင်းမဟုတ်ပါ။ ‎မြန်မာစာပေဟာ ‎ပုဂံခေတ်ကစပြီး ယနေ့ခေတ်အထိ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာတယ်လို့ ‎ပညာရှင်များသတ်မှတ်ကြပါတယ်။ ဒီလို ‎နှစ်ပေါင်းတစ်ထောင်နီးပါးကြာအောင် တည်တံ့ခဲ့တဲ့ စာပေ ‎အရေးအသားတခုဟာ အလကားနေရင်း ‎တိုးတက်လာတာမဟုတ်ပါ။ ပညာရှင် အစဉ်အဆက် စည်းကမ်း ‎သတ်မှတ်ချက်တွေကြောင့် ‎ပြောင်းလဲတိုးတက်လာခဲ့တာဖြစ်ပါတယ်။ စည်းကမ်းသည် လူ၏တန်ဖိုး လို့ ‎အဆိုရှိပါတယ်။ ဒါကြောင့်လည်း ‎မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်က ဝိနည်းသည် ‎ရဟန်းတို့၏ အသက်ဖြစ်သည် ‎လို့ ပညတ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ရဟန်းရဲ့အသက်ဟာ ဝိနည်းဖြစ်သလို ‎လူတွေရဲ့ အသက် ဟာ စည်းကမ်းဖြစ်ပါတယ်။ ‎ဒီလိုပဲ စာပေမှာ သဒ္ဒါဟာ အသက်ပါ။ သဒ္ဒါမတတ်၊ ‎စာမတတ် လို့ ဆိုရိုးရှိပါတယ်။ မြန်မာစာပေ၊ မြန်မာစကားဟာ ‎မြန်မာတိုင်းအတွက် ဂုဏ်ယူစရာ ‎တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် အက္ခရာ၊ ကိုယ်ပိုင်စာပေ ရှိနေတဲ့ ‎ကျွန်တော်တို့ရဲ့ မြန်မာစာကို ‎အလွယ်တကူ ဖျက်ဆီးခြင်းကို ခွင့်မပြုကြဖို့၊ ထိန်းသိမ်းကြဖို့ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ ‎
ခံစားမှုဆိုတာကို မျက်နှာဖုံးတပ်ပြီး ထင်ရာစိုင်းတာကို ကျွန်တော်တို့ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိပါ။ အဲဒီ ‎ခံစားမှုဆိုတာကို ‎ရှေ့တန်းတင်လွန်းရင် လောကကြီးမှာ ‘ဓမ္မ‘ ဟာ ပျက်ပြားသွားနိုင်စရာ ‎အကြောင်းရှိပါတယ်။ သူ့ရဲ့ ခံစားချက်ကို ‎ဦးစားပေးပြီး ကာမပိုင်ရှိသူမိန်းကလေး၊ သူတပါးဇနီးမယားဖြစ်တဲ့ သီတာဒေဝီကို အတင်းအဓမ္မ လုယူခဲ့တဲ့ ‎‎ဒဿဂီရိ ရဲ့ ခံစားချက်မျိုးကို လက်ခံနိုင်ပါသလား။ ခံစားချက်ကို ‎ရှေ့တန်းတင်လွန်းတဲ့ ‎တကယ့်အဖြစ်အပျက် တစ်ခုကို ကျွန်တော် တင်ပြပါ့မယ်။ အနုပညာသမားတဦးဟာ တစ်ခါက ‎‎ကားအသွားအလာ အနည်းငယ်ရှင်းတဲ့ လမ်းမ ပေါ်မှာ လှဲအိပ်ပြီး လှပတဲ့ညခင်းကို “ခံစား” နေပါတယ်။ ‎ခဏအကြာမှာပဲ ‎ကားတစ်စီး မောင်းဝင်လာပါတယ်။ ကားမောင်းသူရဲ့ သတိရှိမှုကြောင့် ကားကို ‎အချိန်မီရပ်တန့်လိုက်နိုင်ပါတယ်။ ပြီးတော့ ‎သူ့ကို လမ်းပေါ်က ဖယ်ပေးဖို့ပြောတဲ့အခါ “ကျွန်တော် ‎ခံစားနေတာကို လာမနှောက်ယှက်ပါနဲ့ဗျာ” လို့တုန့်ပြန်ပါတယ်။ ‎ထို အနုပညာသမား ဆိုသူဟာ ကံကောင်းလို့သာ ကားတိုက်မသေပေမဲ့ ‎လက်သီးစာကျွေးသွားခြင်းတော့ ခံလိုက်ရ ပါတယ်။ ဒီလို ‎စည်းလွတ်ဘောင်လွတ် ထင်ရာစိုင်းခြင်းဟာ ‘လွတ်လပ်ပြီဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှမ်း’ တာနဲ့ ‎‎တူကြောင်း အမျိုးသား ခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန် မိန့်ကြား ‎သွားခဲ့ဖူးပါတယ်။‎
လူတွေဟာ ပုထုဇဉ်တွေဖြစ်တာနဲ့အညီ မကောင်းတဲ့ အာရုံခံစားမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အခါ အဲဒီ ‎ခံစားမှုတွေကိုလိုက်ပြီး ‎မကောင်းတဲ့ ဖွဲ့ဆိုမှုတွေဖြစ်ပေါ်လာရင်ရော လက်ခံရမှာပါလား။ ပန်းချီဆရာ ‎တွေဟာ အနုပညာရဲ့ ဖန်တီးခွင့်အရ ‎ကိုယ်လုံးတီးပုံတွေကို ရေးဆွဲကြပါတယ် (Erotica ‎ကိုဆိုလိုတာဖြစ်ပြီး Pornography ကို မဆိုလိုပါ)။ ဒါပေမယ့် ‎ဒီပန်းချီဆရာများဟာ သူတို့ခံစားရတဲ့ ‎ကိုယ်လုံးတီး ဝစ်လစ်စလစ် ခန္ဓာကိုယ်အလှများကို ‎လူရှေ့သူရှေ့ထွက်ပြီးရေးဆွဲခဲ့ကြတာ မဟုတ်သလို ‎သူတို့ကိုယ်တိုင်မှာ ဘယ်လိုပဲ အနုပညာခံစားမှုရှိပါစေ … သူတို့ရဲ့ ‎မော်ဒယ်တွေကို လူမြင်ကွင်းမှာ ‎ကိုယ်လုံးတီး ထွက်ပြီး ပြခိုင်းတာမျိုး မတွေ့ဖူးသလို သူတို့ကိုယ်တိုင်လည်း ကိုယ်လုံးတီး ‎‎လမ်းထွက်မလျှောက်ကြပါ။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာနေတဲ့အခါ ‎လူ့အဖွဲ့အစည်းရဲ့ ‎သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်း အစဉ်အလာတွေကို လိုက်နာကြရပါတယ်။ ‎‎”ပုဂ္ဂလလွတ်လပ်စွာ လောင်မြိုက်ခွင့်ကလေး လိုချင်မှု” ဆိုတာဟာ အများနဲ့ ‎သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ အကျုံးမဝင်ပါ။ ‎ပုဂ္ဂလလွတ်လပ်စွာ လောင်မြိုက်ခွင့်ကလေး လိုချင်ရင် ‎ကိုယ့်ဟာကိုယ် သီးသန့် ဖန်တီးနိုင်ပေမယ့် အများရှေ့ကို ‎မသင့်လျော်တာတွေ ချပြလို့မရပါ။ ကျွန်တော်ဟာ ‎လွတ်လပ်မှုကို အလွန်မြတ်နိုးသလို ရှေးရိုးအစဉ်အလာများမှ ‎ဖေါက်ထွက်ပြီး တီထွင် ဆန်းသစ်မှု ‎ကိုလည်း အလွန်လေးစား တန်ဖိုးထားပါတယ်။ မော်ဒန်ကဗျာများကို ‎ကြိုက်နှစ်သက်ပေမယ့် ‎ထင်ရာစိုင်းခြင်းကို လက်မခံပါ။ မော်ဒန်ကဗျာဆိုတာ စည်းလွတ်ဝါးလွတ် ‎လုပ်ချင်ရာလုပ်ခြင်းမဟုတ်ပါ။ ‎တီထွင်ဆန်းသစ်မှု ဆိုတာဟာ ရှိပြီးသား လူအများလက်ခံထားတဲ့ အရာများကို ‎ဖျက်ဆီးပစ်ခြင်း ‎မဟုတ်ပါ။ ‎
ခံစားချက်နဲ့ပတ်သက်လို့ပြောရရင် ခံစားချက်တွေကို ဖေါ်ပြဖို့ ဘာသာစကားက လိုက်မမီတာမဟုတ်ပါ။ ‎‎‎ဂီတ ပညာရှင်များဟာ အသံနဲ့ ခံစားချက်တွေကို ဖေါ်ပြကြပါတယ်။ ပန်းချီပညာရှင်များဟာလည်း ‎ခံစားမှုတွေကို ‎အရောင်များနဲ့ ဖေါ်ပြကြပါတယ်။ ဒီလိုပဲ စာပေပညာရှင်များဟာ သူတို့ရဲ့ ‎ရင်တွင်းခံစားမှုများကို စာလုံးများနဲ့ ‎ဖေါ်ပြကြပါတယ်။ ခံစားချက်တွေကို ပြည့်စုံအောင် ဖေါ်ပြနိုင်စွမ်း ‎ချို့တဲ့နေတာ တစ်နည်းအားဖြင့် အနုပညာ ‎ဝမ်းစာမပြည့်မီတာသာ ဖြစ်ပါလိမ့်မယ်။ ဒီနေရာ မှာ ဆရာ‎သစ္စာနီ ရဲ့ ဆောင်းပါးထဲက စာသားအချို့ကို ကိုးကား ပါရစေ …
‎”.. ခေတ်ပေါ်ကဗျာဟာ အာရုံမြင်ဝါဒရဲ့ စိတ္တဇဆန်ဆန် စွဲထင်မှု၊ သင်္ကေတဝါဒရဲ့ မရှင်းလင်း၊ ‎လျှို့ဝှက်လွန်ကဲမှု၊ ‎အမှန်လွန်ဝါဒရဲ့ အဓိပ္ပါယ် ဝိုးဝါးထွေပြားမှု၊ အဲဒါတွေအားလုံးကို ငြင်းပယ်တယ်လို့ ‎တော်တော်စောစောကပဲ ‎မြန်မာခေတ်ပေါ်ကဗျာသစ် (၁၉၈၇၊ ရုပ်ရှင်ပဒေသာ) ဆောင်းပါးမှာ ‎ပြောဆိုခဲ့ဖူးပါတယ် …”‎
‎”ကဗျာဆရာတစ်ယောက်အနေနဲ့လည်း ခံစားမှုကိုသာ အသားပေးပြီး အဲဒီ ခံစားမှုကို မထိန်းချုပ်နိုင်ရင် ‎အညံ့စား ‎ကဗျာဆရာပဲ ဖြစ်မယ်တဲ့ ….”‎
‎ဒါကတော့ ဆရာ သစ္စာနီ ရဲ့ အမြင်ပဲ ဖြစ်ပါတယ်။‎
‎ခေတ်ပေါ် (မော်ဒန်) ကဗျာသာမဟုတ်၊ ‎ဘယ်ကဗျာမှ ရိုင်းစိုင်းစွာပြောဆိုခြင်းကို ကိုယ်စား မပြုပါ။ ‎ ‎စာဖတ်သူတွေထဲမှာလည်း ကဗျာရေးသူထက် ဂုဏဝုဒ္ဓိ၊ ဝရဝုဒ္ဓိအားဖြင့် ‎သာလွန်တဲ့ပုဂ္ဂိုလ်များ ‎ပါဝင်နိုင် တဲ့အတွက် ဒီလို အသုံးအနှုန်းများဖြင့် မဖွဲ့ဆိုအပ်ပါ။ ကြမ်းတမ်းတဲ့အသုံးအနှုန်း တွေကို ‎‎မာန်လည်ဆရာတော်၊ ဗန်းမော် ဆရာတော် စတဲ့ မြန်မာစာပေကဗျာ့ပါရဂူများ ရေးဖွဲ့ခဲ့ဖူးပါတယ်။ ‎‎ဒါပေမယ့် ဒါတွေဟာ ‎မသင့်တော်တာ တွေကို အမှန်ရောက်အောင် လူတဦးတယောက်ကို ရည်ရွယ်ပြီး ‎‎’ခပ်စပ်စပ်ကလေး’ ဆိုဆုံးမမှု များသာ ‎ဖြစ်ပြီး အခြားသူကို စော်ကားလိုရင်း သဘောစေတနာမရှိတာ ‎တွေ့ရပါတယ်။ စာပေသမ္ဘာရှိသူ ပညာရှိ များရဲ့ ဆိုဆုံးမမှု ‎အဖြစ် ရိုသေလေးစားစွာ နှောင်းလူများက ‎မှတ်တမ်းတင်ထားကြပါတယ်။ ဒါ့အပြင် ဂမ္မဒေါသ သင့်သော အရေးအသားများဖြစ်သော်လည်း ပရိဟာရ် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ထင်ရာစိုင်း ရေးသားကြခြင်း မဟုတ်ပါ။ ‎ဝါးလုံးရှည်နဲ့ ‎သိမ်းရမ်းခြင်းမဟုတ်ပါ။ ကဗျာကို ရေးသားနေကြသူများ အားလုံးဟာ ကဗျာကို မြတ်မြတ်နိုးနိုး ချစ်မိကြလို့ ‎‎ရေးသားနေကြခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်မိတိုင်း စိတ်ထင်ရာ လုပ်လို့မရပါ။ မိန်းကလေး ‎တဦးကို ချစ်မိတိုင်း ‎သူ့အချစ်ကို ဓါးပြတိုက်ယူခွင့် မရှိသလို ကိုယ်စိတ်ထင်ရာ သွားပြောဆိုခွင့်လည်း ‎မရှိပါ။ ထိန်းသိမ်းနိုင်စွမ်း ဆိုတာ ‎လူယဉ်ကျေးများမှာသာ တွေ့ရတဲ့ အမူအကျင့်မျိုး ဖြစ်ပါတယ်။‎

‎ကဗျာစပ်ဆိုမှုများအကြောင်း အနှစ်ချုပ်ရလျှင်
‎(၁)‎    အနုပညာ ခံစားမှု မျက်နှာဖုံးကိုတပ်ပြီး ထင်ရာစိုင်းမှုကို လက်ခံစရာအကြောင်း လုံးဝမရှိပါ။
‎(၂)‎    အနုပညာ ခံစားမှု မျက်နှာဖုံးကိုတပ်ပြီး ကိုယ့်ရဲ့ မှားယွင်းမှု၊ နမော်နမဲ့နိုင်မှု (Negligence) ကို ‎‎ဖုံးကွယ်ခြင်းကိုလည်း လက်မခံနိုင်ပါ။‎
‎(၃)‎    တီထွင်ဆန်းသစ်မှုဆိုတာဟာလည်း ရှိပြီးသားများကို ဖျက်ဆီးပစ်ခြင်းမဟုတ်ပါ။‎
‎(၄)‎    ဖန်တီးခွင့်လိုင်စင် ဆိုတာဟာ စိတ်ထင်ရာလုပ်ဖို့မဟုတ်ပါ။‎
‎(၅)‎    ‎ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းများကို ယဉ်ကျေးသောလူ့အဖွဲ့အစည်းနဲ့ စာပေက ‎လက်မခံပါ။‎
‎(၆)‎    သဒ္ဒါကို မလိုက်နာရင် မှားယွင်းတဲ့ အဓိပ္ပါယ်များ ထွက်သွားနိုင်ပါတယ်။‎
ပုဂ္ဂိုလ်ရေးနဲ့ စာပေရေးရာ ‎‎ယုံကြည်မှုကို ‎ရောထွေးပစ်လို့ မရတဲ့အပြင် မြန်မာစာပေရဲ့ ဂုဏ်သိက္ခာ နဲ့ ပတ်သက်လာရင် မြန်မာလူမျိုးတိုင်း ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ကဗျာရေးသူအနေနဲ့ သူနှစ်သက်ရာကို လွတ်လပ်စွာ ‎ယုံကြည်ခွင့်ရှိပေမယ့် အများနဲ့ သက်ဆိုင်တဲ့ အင်တာနက်စာမျက်နှာများနဲ့ အခြားသော မီဒီယာများပေါ်မှာ ‎အများအကျိုးကို ထိခိုက်စေနိုင်တယ်လို့ ‎မှတ်ယူနိုင်တဲ့အရာများကို ပြုလုပ်ရန် မသင့်လျော်ပါဘူး။
‎ရိုးသားစွာ စာလုံးပေါင်း မှားရေးမိတာ၊ သဒ္ဒါစည်းမျဉ်းများကို အနုပညာ လိုအပ်ချက်အရ ‎အနည်းငယ် ချိုးဖောက်မိ တာတွေဟာ ‎ပြဿနာ မဟုတ်ပေမယ့် တမင်တကာ ထင်သလို ‎ဖျက်ဆီးပြီးရေးသားထားတဲ့ ရုပ်ပျက်ဆင်းပျက် ‎အရေးအသား မျိုးဟာ မြန်မာစာပေ အရေးအသားကို ဖျက်ဆီးနေခြင်းဖြစ်ပြီး လူအများအလယ်မှာ တင်ပြရန် ရှက်ဖွယ်ကောင်းလှပါသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးအားလုံး ကိုယ့်အမျိုးသားဘာသာစကား မြန်မာစာပေကို လှပနေအောင် ထိန်းသိမ်းကြပါစို့လား ခင်ဗျာ။

ဟယ်ရီ

In: ဆောင်းပါး Posted By: Date: May 21, 2011
Comment #1

အေးလေကွယ်
ပြောနိုင်တဲ့သူတွေ ၀ိုင်းပြောကြပါကွယ်
တာကောလည်းအခုတလော တစ်စောက်တည်းစောက်ပြီးရေးနေတဲ့
ကဗျာတွေတွေ့တွေ့နေ၇တော့ ‘စောက်’မျိုးနွယ်ကဗျာဆရာတွေအဖွဲ့အစည်း ပေါ်နေပြီလားလို့
ထင်မိတယ်
ဘာသာစကားစာလုံးပေါင်းမှားတွေနဲ့ရေးတဲ့ကဗျာတွေကတော့
ထည့်ပြောမနေပါနဲ့ကွယ်
အဲသလိုကဗျာအမျိုးအစားတွေက မအောင်မြင်တဲ့အသံကဗျာတွေလိုပဲဖြစ်သွားမှာပါ
အော် ကြုံတုန်းပြောရဦးမယ်
တာကော အဆိုတော်ထူးအိမ်သင်ရဲ့အသံကို အဆိုတော်တစ်ယောက်ရဲ့အသံလို့မယူဆဘူးခင်ဗျ
တေးရေးဆရာတစ်ယောက် သံစဉ်နားလည်တဲ့ဆရာတစ်ယောက်ရဲ့အသံလို့ပဲယူဆပါတယ်
ခင်ဗျ
ဒါပါပဲခင်ဗျ အမှားပါရင်ဗွေမယူပါနဲ့ခင်ဗျ တာကောက စာတတ်ပေတတ်မဟုတ်ပါခင်ဗျ…

commentinfo By: တာကော at May 21, 2011
Comment #2

ဟုတ်ပါ့ဗျာ … အမှားပါတယ်လို့ မယူဆပါဘူး ကိုတာကောရေ … ကျနော်လည်း စာတတ်ပေတတ် မဟုတ်ပါဘူးဗျာ … မြင်မိတာလေးကို ပြောမိခြင်းပါ
ထူးအိမ်သင်ရဲ့ အသံအပေါ် မြင်တဲ့အမြင်ကတော့ စိတ်ဝင်စားစရာပဲဗျာ … သူဟာ သီချင်းတကယ်ဆိုတတ်တဲ့သူ လို့တော့ ကျနော်မြင်ပါတယ် … အသံအကြောင်း၊ အဆိုပညာအကြောင်း ကောင်းကောင်းနားလည်တဲ့သူပေါ့ဗျာ … လေးဖြူတို့လို ပင်ကိုယ် ပါရမီအသံကောင်းတဲ့သူတော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်ဗျ …
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူး ကိုတာကောရေ

commentinfo By: harry at May 21, 2011
Comment #3

ညစ်ညမ်းကြမ်းတမ်းတဲ့ စကားလုံးတွေကိုသုံးပြီးမှ
ကဗျာဟာသက်ဝင်သွားလိမ့် မယ်လို့ ယူဆခဲ့ ရင်အဲ့ ဒီလူကဗျာကိုရေးမနေသင့် တော့ တာအမှန်ပါပဲ။။။။။။။။။
ကဗျာဆရာဟာသူ့ ဝေဒနာကိုသူနိုင်တဲ့ ဗျည်းအက္ခရာတွေနဲ့ 
ပုံဖော်ထုဆစ်နိုင်ပေမဲ့ ယဉ်ကျေးမှု့ ကိုထိခိုက်ပျက်ပြားစေမဲ့ စကားလုံးတွေကိုသုံးနှုန်းဖွဲ့ ဆိုတာဟာကဗျာဝန်းကျင်မှာရောမြန်မာစာပေ
လောကမှာပါဘယ်လိုမှလက်မခံနိုင်တဲ့ ကိစ္စပါဗျာ။။။။။။။။။။။

commentinfo By: မင်းလူန at May 21, 2011
Comment #4

ဟုတ်တယ် ကိုမင်းလူနရေ … အဲဒီကဗျာမှာ ရုန့်ရင်းကြမ်းတမ်းတဲ့စကားလုံးအသုံးတွေပါ ပါနေလို့ ကျနော် ဒီပို့စ်ထဲ ထည့်မတင်ထားတာပါ … ညစ်ညမ်းတဲ့စကားလုံးတော့မဟုတ်ပါဘူး … ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယဉ်ကျေးမှု ဆိုတာကတော့ ထိန်းသိမ်းရမှာပေါ့ဗျာ …

commentinfo By: harry at May 21, 2011
Comment #5

အဟမ်း..ဟမ်း… ဆောရီးဗျာ..ကျွန်တော် နည်းနည်းချောင်းဆိုနေလို့။
အင်း..ကိုဟာရီ လား ဟယ်ရီလား ကျွန်တော်တော့ ခင်ဗျားနာမည်ကို အမှန် မပေါင်းတတ်ဘူး။
ထားဗျာ။ အခု ခင်ဗျား တင်ပြတဲ့ အကြောင်းအရာ ကအရမ်းအရေးကြီးတယိဗျ။ ဘယ်လို ခံစားမှု
ဘယ်လို ဖွဲ့နွဲ့မှုတွေ မဆို အနုပညာရှုထောင့်အရ ဖန်တီးပါ။ ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် လူမျိုးတစ်မျိုးကို ကိုယ်စားပြုတဲ့ ဘာသာစကား သဒ္ဒါအက္ခရာ တွေကတော့ အနုပညာ သမားမှ မဟုတ်ဘူး။
မြန်မာလူမျိုးမှန်ရင် လေးလေးစားစားနဲ့ မိမိအနုပညာဖန်တီးမှုမှာ ထည့်သွင်းသင့်ပါတယ်။ ကျွန်တော်တို့ အမြင် မော်ဒန်ကဗျာ ရေးရင်လဲ သတ်ပုံမှန်မှန် ရေးလိုက်လို့ အရသာ ပျက်မသွားပါဘူးလို့…။

commentinfo By: မိုးလူ at May 21, 2011
Comment #6

ဖန်တီးမှုရယ် သိမှု တက်မှု ရယ်

ထင်ရာစိုင်းမှုကို လက်မခံဘူးဆိုတော့
ကျနော် တခုလောက် ပြောပါရစေ။
ဘယ်လို ထင်ရာစိုင်းမှုမျိုးကို လက်မခံတာလဲ။

ဥပမာဗျာ ကျုပ်ကဗျာတစ်ပုဒ်ကို ခင်ဗျား ကလက်မခံဘူးဆိုရင်
ကျုပ်ကလဲ ခင်ဗျား လက်မခံဘူးဆိုတာကို ပြန်လည်ပြီး လက်ခံမှာ မဟုတ်ဘူး။

ကျနော်တို့ မြန်မာစာပေ ဘယ်အဆင့်ထိ ထွန်းပေါက်နေပြီလဲ သိပါသလား။
ရိုးရိုး သားသား စည်းစနစ်နဲ့ ကြိုးစားအားထုတ်နေတယ်ဆိုပြီး ဘယ်နေရာမှာ ၀င်ရောက်
ထိုးဖေါက်နိုင်ပါသလဲ။ စိတ်ထင်တိုင်း ကြဲနေတဲ့ အနောက်နိုင်ငံမှာ
ကဗျာပဲ ဖြစ်ဖြစ် ရုပ်ရှင်ပဲ ဖြစ်ဖြစ် ကမ္ဘာ့အဆင့်မီ အနေအထားဖြစ်နေတယ်ဆိုတာကိုရော
နားလည်ထားပါသလား။ ။ သိပ်ကို ယဉ်ကျေးသိမ်မွေ့ပါတယ်လို့ဆိုတဲ့ မြန်မာစာပေဟာ
ဘယ်အတိုင်းအတာထိ နာမည် ရထားပါသလဲ တကမ္ဘာလုံး အတိုင်းအတာနဲ့ မပြောနဲ့အုံး
ဥရောပမှာရော အရှေ့တောင်အာရှ မှာရော . . . ယုတ်စွ အဆုံး မြန်မာနိုင်ငံမှာတောင် မြန်မာစာပေ
ကထင်သလောက် မအောင်မြင်နေပါဘူး။ ညစ်ညမ်းကြမ်းတမ်းတယ်ဆိုတာကို လက်မခံနိုင်ဘူးဆိုရင် စာမျက်နှာပေါ်ကို တင်ခွင့် မပြုဘူးဆိုရင် . .. .ဥပမာ = လိင် / ပြည့်တန်ဆာ/
စသည်ဖြင့် စကားလုံး ကြမ်းတမ်းများစွာ သုတ်ပိုး ဘာညာ အဲ့ဒီလို စကားလုံးတွေ ခု စာမျက်နှာပေါ်
တရားဝင် တင်ခွင့် ပြုနေပြီ ဆိုတာ သိပါသလား . . .နောက်တခု ခင်ဗျား ပြောတဲ့ စကားလုံး ဆော့ကစားခြင်း ဆိုတာ . . . ဒါဆိုကိုလဲ လက်မခံနိုင်ဘူးလို့ ဆိုနေတယ်
ခင်ဗျားရဲ့ အမြင်က သိပ်ကို ကျဉ်းမြောင်းနေတယ်လို့ ထင်တယ်။
ဘာသာရေးသဘောရယ် ဘာသာဗေဒ သဘောတရားရယ်ကို ကောင်းစွာ သဘောပေါက်
နားလည်ထားရင် ခင်ဗျား ခုတင်ပြ ရှင်းလင်းထားတာတွေတည်းက အတော်တော်များများကို
နုတ်ယူသွားသင့်ပြီ။

ဗျည်းခက်
[email protected]

commentinfo By: ဗျည်းခက် at May 21, 2011
Comment #7

ခင်ဗျား အသက်ရှူပုံ မှားနေတယ်။

commentinfo By: ဗျည်းခက် at May 21, 2011
Comment #8

ကိုဗျည်းခက်ရေ …
ဖန်တီးမှုရယ် သိမှု တက်မှု ရယ် ဆိုတဲ့နေရာမှာ “တက်မှု” ဆိုတာ ဘာပါလိမ့်ဗျာ … ဘယ်ပေါ်ကို တက်တာလဲ .. တိုးတက်တာကို ပြောတာလား … တချက်လောက်ပြောပြပေးပါလား ….

ထင်ရာစိုင်းမှု ဆိုတာ ဘာကိုဆိုလိုမှန်းလောက်ကိုတောင်မှမသိရင်တော့ ကျနော့်အနေနဲ့ အချိန်ကုန်ခံပြီး ပြောနေစရာ မလိုတော့ပါဘူး … ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံးမိန့်ခွန်းကိုသာ နားထောင်ကြည့်ပါ။

ကိုဗျည်းခက်အနေနဲ့ ကျနော်ရေးတာကို အသေအချာ မဖတ်ဘဲ အပေါ်ယံအမြင်နဲ့ ဒေါသတွေထွက်ပြီး ပြန်ရေးသွားတယ်ထင်ပါရဲ့ … ကဲပါလေ … တခုချင်းကြည့်ရအောင် ….

ခင်ဗျားဥပမာကိုပဲ ကျနော်ပြောပါ့မယ် … ခင်ဗျားရေးတဲ့ကဗျာကို ကျနော်လက်မခံတာက ကျနော့်အခွင့်အရေးဖြစ်သလို ခင်ဗျားကလည်း ကျနော် လက်မခံတာကို ပြန်ပြီးလက်မခံတာက ခင်ဗျားရဲ့ အခွင့်အရေးပါပဲ။ ဒါကို ဘာမှ အငြင်းပွားနေစရာမလိုပါဘူး။ လက်ခံရင်လည်း လက်ခံ၊ လက်မခံနိုင်ရင်လည်း နေပေါ့ဗျာ။ ပြန်ဖြေရှင်းချင်လည်း ဖြေရှင်း၊ မဖြေရှင်းချင်လည်း အကြောင်းမဟုတ်ပါဘူး။ ဒါက ခင်ဗျားရဲ့ သဘောပါပဲ၊
အခု ကျနော်ရေးထားတဲ့အထဲမှာ ခင်ဗျားမေးထားတဲ့ မြန်မာစာပေ ဘယ်အထိ ထွန်းပေါက်တာတို့၊ ဘာတို့ တလုံးမှ မပါပါဘူး။ မြန်မာစာပေကို ထွန်းပေါက်အောင်လည်း ကျနော် မကြိုးစားပါဘူး။ မြှင့်တင်ဖို့လည်း မကြိုးစားပါဘူး။ ရိုးရိုးသားသား စည်းစံနစ်နဲ့အားထုတ်နေကြောင်းလည်း တခွန်းမှ ပြောမထားပါဘူး။ ကိုဗျည်းခက်က ပြောချင်ဇောအားကြီးပြီး မဆိုင်တာတွေ တယ်ပြောချင်တာကိုး … ကျနော် အဓိက ပြောချင်တာက ရှိနေတဲ့ စည်းစံနစ်ကို ဖျက်ဆီးတာကို လက်မခံနိုင်ဘူး လို့ပဲ ပြောချင်တာပါ။
မြန်မာစာပေ ဘယ်နေရာကို ဘယ်လို ဝင်ရောက်ထိုးဖောက်နိုင်တယ်ဆိုတာ ကျနော့်အလုပ်မဟုတ်ပါ။ စာပေ ဆိုတာ အဲဒီလို ဝင်ရောက်ထိုးဖောက်ဖို့လည်း မလိုအပ်ဘူးလို့ပဲ ယူဆပါတယ်။ မြန်မာစာပေ ကမ္ဘာကို လွှမ်းရမည်တို့ ဘာတို့ ဆိုတဲ့ ကြီးကြီးကျယ်ကျယ် ကြွေးကြော်သံတွေကိုလည်း ကျနော် စိတ်မဝင်စားပါ …

စိတ်ထင်တိုင်းကြဲနေတယ်ဆိုတဲ့ အနောက်နိုင်ငံမှာ ကဗျာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်မီ အနေအထားဖြစ်နေတယ် လို့ ခင်ဗျားက ပြောတဲ့အချက်ဟာမှားယွင်းနေပါတယ်။ အခု ကျနော်ရေးထားတဲ့အထဲမှာ ပါသလို စာလုံးပေါင်း ကမောက်ကမတွေနဲ့ ရေးထားတဲ့၊ စိတ်ထင်တိုင်းကြဲထားတဲ့ ဘယ်အနောက်တိုင်းကဗျာဟာ ကမ္ဘာ့အဆင့်မီဖြစ်နေသလဲဆိုတာ ပြောပြပေးပါလား … အဲဒီလို ကဗျာမျိုး တပုဒ်မှ မတွေ့ဖူးလို့ပါ။ အကြောင်းအရာတခုကို ပြောဆိုချင်တယ်ဆိုရင် ဝါးလုံးရှည်နဲ့ သိမ်းရမ်းပြီး ပြောတာ လူတိုင်းပြောတတ်ပါတယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူတယ်ဆိုရင် တိတိကျကျ အထောက်အထားပြပြီး ပြောပြပါ။
ကမ္ဘာ့အဆင့်မီဖို့ မမီဖို့ တို့၊ ကမ္ဘာမှာ နာမည်ရဖို့တို့၊ ထိုးဖောက်ဖို့တို့ဆိုတာတွေဟာ အခု ကျနော် ရေးထားတဲ့ အကြောင်းအရာနဲ့ ဘာမှ မဆိုင်ပါဘူး။ အဲဒါတွေလည်း တလုံးမှ ကျနော်ရေးထားတဲ့အထဲ မပါပါဘူး။ ပါရင်ပြပါ။ မဆိုင်တာတွေ လာပြောနေတာကိုက ခင်ဗျားဟာ စာကို အသေအချာ မဖတ်တတ်ဘူး .. တနည်းအားဖြင့် ဆိုလိုရင်းကို နားလည်နိုင်စွမ်းမရှိဘူး ဆိုတာ ထင်ရှားနေပါတယ်။ မဆီမဆိုင် လက်ပံသား၊ ဓါးနဲ့ချိုင်နေတာ ရယ်စရာကောင်းလွန်းပါရဲ့။
မြန်မာစာပေဟာ မြန်မာနိုင်ငံမှာတောင် ထင်သလောက် အောင်မြင်မနေပါဘူး လို့ ခင်ဗျားက ဆက်ပြောပါရဲ့၊ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာကရော ဘာနဲ့တိုင်းတာပါသလဲ၊ ပြိုင်ပွဲတွေမှာလို ချန်ပီယံဆုတွေ ဘာတွေ ချီးမြှင့်ပြီး သတ်မှတ်ပေးထားတာလား။ ဒါမှမဟုတ် အမှတ်ပေးစံနစ်နဲ့ ဒိုင်လူကြီးတွေ ဘာတွေထားပြီး ဆုံးဖြတ်တာလား။

ညစ်ညမ်းကြမ်းတမ်းတယ်ဆိုတာကို လက်မခံနိုင်ဘူး ဆိုတာကတော့ အရှင်းကြီးပါ။ ဘယ်လို ယဉ်ကျေးတဲ့ လူသားကမှ ဒီလိုစကားလုံးမျိုးတွေကို အများနဲ့သက်ဆိုင်တဲ့နေရာမှာ ဖော်ပြဖို့လက်မခံပါဘူး။ မောင်နဲ့နှမ၊ သားနဲ့အမိ မကြားဝံ့မနာသာ နားမခံသာတဲ့စကားလုံးမျိုးကို ခင်ဗျား လူပုံအလည်မှာ ပြောထွက်ပါသလား။ ကိုယ့်မိဘ၊ ဆရာသမားတွေကိုရော အဲဒီလိုစကားလုံးမျိုးတွေနဲ့ ကိုဗျည်းခက် ပြောဆိုသုံးစွဲပါသလား ခင်ဗျာ။

အနောက်တိုင်းသားတွေနဲ့ ကျနော်တို့ရဲ့ ယဉ်ကျေးမှုခြင်း မတူညီတဲ့အတွက် ကျနော်တို့က အလွန်ရိုင်းတယ်လို့ သတ်မှတ်ထားတဲ့စကားလုံးတွေကို သူတို့က အလွန်ရိုင်းတယ်လို့ မယူဆပါဘူး။ ဥပမာ f..k ဆိုတဲ့စကားကို ယောက်ျားမိန်းမမရွေး ရင်းနှီးသူများ ပြောကြလေ့ရှိပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးလို နေရာမျိုးမှာ ဘယ်တော့မှ မသုံးပါဘူး။ ကျနော်တို့က ခြေထောက်နဲ့ တစုံတခုကို ပြရင် ရိုင်းတယ်လို့ ယူဆပေမဲ့ သူတို့အနေနဲ့ ဒါဟာ သာမန် အပြုအမူတခုသာဖြစ်ပါတယ်။ ယဉ်ကျေးမှုခြင်း မတူညီတဲ့အတွက် ဒါကို တန်းလာညှိဖို့ ကြိုးစားပြနေတာဟာ အချည်းနှီးပါပဲ။

ခင်ဗျားပေးတဲ့ ဥပမာက လိင်၊ ပြည့်တန်ဆာ၊ သုက်ပိုး ဆိုတာတွေဟာ ရိုင်းတယ်လို့ မဆိုနိုင်ပါဘူး။ တနည်းအားဖြင့် ရိုင်းတဲ့အသုံးအနှုန်းတွေကို စာနဲ့ မဖော်ပြမဖြစ်လို့ ဖော်ပြတဲ့အခါ (ဥပမာ – သတင်း၊ ဆေးပညာ၊ အစရှိသည်ဖြင့်မှာ) နားခံသာအောင်၊ ပြေပြစ်အောင် ရည်ညွှန်းထားတဲ့ နာမ်စားတွေ ဖြစ်ပါတယ်။ ဒါတွေကို တရားဝင်သုံးခွင့်ပြုတာ အခုမှ မဟုတ်ပါဘူး။ အဲဒါတွေကိုပဲ ကြမ်းတမ်းတဲ့စကားလုံးတွေဖြစ်တဲ့ …ီး၊ .x.ာ၊ ..xရည် အစရှိသဖြင့် သုံးနှုန်းမယ် ဆိုရင် သင့်တော်မလား။ ဖြေကြားပေးပါ။ ဒါတွေကို လူကြားသူကြားထဲသုံးမယ်ဆိုရင်တော့ ဒါဟာ ရိုင်းစိုင်းခြင်းပဲ ဆိုတာ အားလုံး လက်ခံကြပါလိမ့်မယ်။

စကားလုံး ဆော့ကစားခြင်း ဆိုတာ . . . ဒါဆိုကိုလဲ လက်မခံနိုင်ဘူးလို့ ဆိုနေတယ် လို့ ခင်ဗျားက ပြောထားပါတယ်။ ကျနော်ရေးထားတဲ့အထဲမှာ စကားလုံးဆော့ကစားခြင်း ဆိုတဲ့စကား တလုံးမှ မပါပါဘူး။ ပါရင် အခုထောက်ပြပါ။

ဒါလောက်ဆိုရင် ခင်ဗျားက ကျနော့်ကို စွပ်စွဲထားသလို သိပ်ကို အမြင်ကျဉ်းမြောင်းနေတာ ဟုတ်မဟုတ် ပေါ်လွင်လောက်ပါပြီ။ ခင်ဗျားကသာ စာကို အသေအချာ မဖတ်ဘဲ၊ တနည်းအားဖြင့် နားမလည်ဘဲ မဆိုင်တာတွေ လျှောက်ပြောနေတာ ထင်ရှားလွန်းပါတယ်။

ဘာသာရေးသဘောရယ်၊ ဘာသာဗေဒ သဘောတရားရယ်ကို ကျနော်ဟာ ကောင်းမွန်စွာ တတ်ကျွမ်း ထားခြင်း မရှိတဲ့ သာမန်လူ တဦးသာဖြစ်ပါတယ်။ ကိုဗျည်းခက်ကတော့ အဲဒါတွေကို ကောင်းစွာ တတ်ကျွမ်းနားလည်ထားတဲ့ ပညာရှင်တဦးမို့သာ ကျနော် ပြောထားတာ အတော်များများကို နုတ်ယူခိုင်းတာ ထင်ပါရဲ့နော်။ ဘယ်ဟာတွေကို ဘာကြောင့်နုတ်ယူရမလဲ ဆိုတာကို ဘာသာရေးသဘောတရား၊ ဘာသာဗေဒ သဘောတရားများနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ ရှင်းပြပေးပါလားဗျာ … ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတော်တွေ၊ ပိဋကတ်တော်တွေ၊ ဘာသာဗေဒ သဘောတရားဆိုင်ရာ အရှေ့တိုင်း၊ အနောက်တိုင်း ကျမ်းကြီးကျမ်းခိုင်တွေနဲ့ ရှင်းပြပေးမယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အနေနဲ့လည်း ပညာရတာပေါ့ဗျာ။ ကျနော် မှားနေတယ်ဆိုတာ သေချာရင် အမှန်ကို ပြန်ပြင်ဖို့ ဝန်မလေးပါဘူး။ စောင့်မျှော်နေပါ့မယ်။

အဲဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ ကျနော့်ကို အသက်ရှုပုံ မှားနေတယ်လို့ စွပ်စွဲထားတဲ့ ကိုဗျည်းခက်ဟာ အသက်တောင် ကောင်းကောင်းမရှုတတ်သေးဘူးလို့ပဲ ယူဆရပါလိမ့်မယ်။

commentinfo By: harry at May 21, 2011
Comment #9

မှန်ပါတယ် ကိုဟယ်ရီရေ ကျွန်တော်တို့ဆီမှာ သတ်ပုံအမှားတွေနဲ့ရေးနေတဲ့ကဗျာတော်တော်များကိုများကို ကျွန်တော်လည်းတွေ့ခဲ့ဖူးပြီ အဲလိုသတ်ပုံအမှားကြီးနဲ့ကဗျာဆိုရင် ဘယ်လောက်ပဲကောင်းကောင်း ကျွန်တော့်အနေနဲ့ ဆက်ကိုမဖတ်ချင်တော့တာပါ။ သဒ္ဒါစည်းမျဉ်းတွေကို ဖောက်ဖျက်တာဟာ ကိုယ့်စာကိုကိုယ်တိုင်အဆင့်အတန်းနှိမ့်ချလိုက်သလိုပါပဲ။ (ကျွန်တော်မြင်ဖူးသမျှ) အောင်မြင်တဲ့စာရေးဆရာဆိုတာ ဘယ်သဒ္ဒါ စည်းမျဉ်းစည်းကမ်းကိုမှ မချိုးဖောက်ပါဘူး။အစ်ကိုပြောခဲ့သလိုပဲ သဒ္ဒါကိုမလိုက်နာရင် အဓိပ္ပာယ်တစ်မျိုးပေါက်သွားနိုင်ပါတယ် ဒါဟာ အမှန်ပါပဲဗျာ သည်လိုဆောင်းပါးလေးကိုလည်း ရေးပေးတဲ့အတွက် ကျေးဇူးပါဗျာ

commentinfo By: မိုးသစ်လေပြည် at May 22, 2011
Comment #10

ငြိမ်းချမ်းတဲ့နေရာလေးလို့ သတ်မှတ်လို့ ပါဝင်ပတ်သက်တာပါ…
တိုးတက်အောင်လုပ်ကြမှာလား…….တိုက်ခိုက်ကြတော့မှာလား
မပြည့်တဲ့အိုးချင်း အတူတူ ကူမဖြည့်ပဲ..ဘာလို့ အဖိတ်အစဉ်များအောင် လုပ်ကြတာလဲ..
မြန်မာဆိုဒ် တော်တော်များများ အဲလိုပဲ ဖြစ်နေကြတယ်…
ဘယ်သူမှ professional မဟုတ်လို့ ဒီနေရာမှာ လက်လာသွေးနေကြတာပေါ့

ကျွန်တော် တတ်သမျှမှတ်သမျှရေးတာလေးကို အားပေးခဲ့ကြတာကိုကျေးဇူး တစ်ကယ်တင်မိပါတယ်..
အားလုံးပဲ..နှုတ်ဆက်တယ်ဗျာ..
(မနေနိုင်လွန်းလို့ ၀င်လျှာရှည်မိခဲ့တာ… ဖြစ်နိုင်ရင်တော့ ခွင့်လွှတ်ပေးပါ)

commentinfo By: abcd at May 22, 2011
Comment #11

ကိုဟယ်ရီ

commentinfo By: terry at May 22, 2011
Comment #12

ကိုဟယ်ရီပြောတဲ့စကားတွေကမှန်တော့မှန်ပါတယ်….ဒါပေမယ်
ကျွန်တော်ကတော့နှစ်ဦးစလုံးကိုဘယ်သူပြောတာမှန်တယ်….ဘယ်သူပြောတာမှားတယ်လို့
တော့မဝေဖန်ချင်ပါဘူး…..ကျွန်တော်ကတော့..abcd ရဲ့ ယူဆချက်ကိုသဘောကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနေမယ့်အစား…အပြုသဘောဆောင်တဲ့အကြံပေးချက်..
သုံးသပ်ချက်လေးတွေဆိုပိုမကောင်းဘူးလားလို့ပါ……။(ဘာနားလည်လို့ပြောတာလဲလို့မေးလာရင်
လည်း….ဘာမှမတတ်ပါဘူး…..)ကိုယ့်ခြံထဲကိုယ်စိုက်တာဆိုပေမယ့်လည်းတခြားခြံဘက်သစ်ရွက်ကြွေတာ..
သစ်ကိုင်းကျိုးကျတာတို့တော့ရှိတတ်ပါတယ်…အဲ့ဒီအခါခြံရှင်နှစ်ဦးနှစ်ဘက်လုံး
သာအပြုသဘောဆောင်မယ်ဆိုရင်သူတို့ ကြားမှာပြဿနာဖြစ်လာစရာရှိမှာမဟုတ်ပါဘူး။

(ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ..၀င်ပါသလိုဖြစ်ရင်တော့ခွင့်လွှတ်ပါ….ဘာရည်ရွယ်ချက်မှမပါသလို
စည်းစည်းလုံးလုံးရှိစေချင်ရုံသက်သက်ပါ…)
စကားအမှားပါရင်တော့…ခွင့်လွှတ်စေချင်ပါတယ်……..။

commentinfo By: terry at May 22, 2011
Comment #13

ခင်ဗျားနဲ့ ကျနော် နားလည်မှု လွဲသွားတာ သေချာတယ်။

စာဖတ်သူ ပေးတဲ့ ကွန်းမန့်ကို ပြန်လည် ဖြေရှင်းတယ် ဆိုကတည်းက

ခင်ဗျားရဲ့ မရင့်ကျက်မှု စိတ်သဘောထားကို အတော်အတန် နားလည်လိုက်တယ်။

နောက်ပြီး ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှု တချို့တ၀က်ကို ကျနော် လေ့လာကြည့်မိလိုက်တယ်။

ခင်ဗျား အခု ကျနော့်ကို ပြန်လည်ရှင်းပြထားတဲ့ အတွက်. . .

အမှန်အတိုင်းပြောမယ်နော်. . .ခင်ဗျား ကဗျာတွေအားလုံး နီးပါးက တန်းမ၀င်ဘူး

တန်းမ၀င်ဘူးဆိုတာကို နားလည်ပါသလား ခင်ဗျား ဥပမာ အရောင်းအ၀ယ် အနေနဲ့ပြောမယ်ဆို

ရောင်းတန်း မ၀င်ပါဘူး။

ဒီလောက်ပါပဲ ပြန်လည် ဖြေရှင်းမဲ့ ခင်ဗျားရဲ့ ဖြေရှင်းချက်ရော . . .

နောက်တဖန် ကျနော့်ဘက်က ဘာတခုမှ သိတော့မည်မဟုတ်ပါ။

commentinfo By: ဗျည်းခက် at May 22, 2011
Comment #14

မဆီမဆိုင် စစ်ကြေငြာလိုက်တယ်။း)

စတော့ . . . .

commentinfo By: ဇာတိ (ဖျာပုံ) at May 22, 2011
Comment #15

ကို harry ကျနော့်ကို သိပါသလား ခင်ဗျာ။

ကျနော် ဇာတိ(ဖျာပုံ)ပါ ကိုဗျည်းခက်ကိုတော့ ကျနော် သိပါတယ်။

သူလဲ ကျနော့်ကို သိပါတယ် ဘယ်အတိုင်းအတာထိ သိလဲဆိုတာတော့ မပြောတော့ပါဘူး။

ခင်ဗျား ရဲ့ အမြင် တင်ပြချက် ရှင်းလင်းရှက် အားလုံးက ကွက်တိ ဖြစ်နေတယ်လို့ ခင်ဗျား ထင်ကောင်း
ထင်နိုင်မယ် ထင်နိုင်တယ် ထင်နေလိမ့်မယ်။ ဒီလိုဆိုရင်ခင်ဗျားရဲ့ တင်ပြဆွေးနွေးချက်အားလုံးကို
စာမျက်နှာပေါ်ရောက်အောင် တင်ပစ်လိုက်ပါ။ ဒီလိုဆိုရင် ကျနော် လက်ခံနိုင်မယ် အဲ့ဒီလိုပဲ
ဗျည်းခက်လဲ လက်ခံကောင်း လက်ခံနိုင်သွားမယ် ကျနော် ပြောတာ နားလည်လားမသိဘူးနော်

တကယ်လို့ ခင်ဗျားက အဝေးရောက် လူတစ်ယောက် ဖြစ်နေတယ်ဆိုရင်လဲ ခင်ဗျား တော်သလို
ကြည့်လုပ်လိုက်ပါ . . .ကျနော်ပေးလိုက်တဲ့ မန့် နဲ့ပက်သက်ပြီး ခင်ဗျား ဘယ်လို အပြောအဆိုနဲ့
ပြန်လည် ဖြေရှင်းမယ်ဆိုတာကို စောင့်ကြည့်နေလိုက်ပါ့မယ် ကျနော် ဖြစ်စေချင်တာက ခင်ဗျားလဲ
ခင်ဗျားကိုယ် ခင်ဗျား ယုံကြည်ချက်ရှိမယ် ကိုယ်ဖန်တီးထားတဲ့ အရာတခုကို မှန်တယ်လို့ သတ္တိရှိရှိ
ဟစ်ကြွေးနိုင်မယ်ဆိုရင် ခင်ဗျား စာမျက်နှာပေါ် တက်လိုက်ပါ။

အဲ့ဒီမှာ အဖြေပေါ်ပါလိမ့်မယ် ကျနော်တို့အားလုံး အနုပညာနဲ့ပက်သက်ပြီး တစိတ်တပိုင်း တက်နိုင်သလောက်
ဖန်တီး ပြသနေကြတာပဲ။ ဘာကြောင့် အမြင်တွေ လွဲနေရတာလဲ . . . ခင်ဗျားကို ကြည့်ရတာ
သင်ရိုးဟောင်း ကျမ်းအတိုင်းပဲ လိုက်လံ ဆောင်ရွက်နေပုံပဲ ခင်ဗျားလို လူမျိုး တစ်ယောက် တွေ့ဖူးပါတယ်

ကိုကကြီးပါ ကိုကကြီးဆိုတာ ကျနော့်ရဲ့ မိတ်ဆွေလို့ ပြောလဲ ရပါတယ် မဟုတ်ဘူးပြောလဲ ရပါတယ်
သူနဲ့ခင်ဗျားရဲ့ အမြင်တွေ တော်တော်များများတူပါတယ်
ဒါမယ့် ကျနော်တို့နဲ့တော့ မတူတော့ပါဘူး ။ ကျနော်ပြောချင်တာက ခင်ဗျားတို့အားလုံး လွတ်လပ်စွာ
အသက်ရှူခွင့် ရှိကြပါတယ်။

commentinfo By: ဇာတိ (ဖျာပုံ) at May 22, 2011
Comment #16

ဘယ်သူ မှန်တယ် မှားတယ်ထက် ဒီထက်ဆူပူမှုတွေ မဖြစ်စေချင်တဲ့အတွက် ဒီ thread ကို ကော်မန့်ပေးချင်း ပိတ်လိုက်ပါပြီ။ personal အရ ထိခိုက်ပြီး ပြောထားတာတွေလည်း အကုန်ဖျက်ပစ်လိုက်ပါမယ်။ ဒီထက်ပိုဆိုးတဲ့ personal attack ဖြစ်ရပ် တွေ ထပ်တွေ့လာမယ်ဆို ကျွန်တော်တို့ဘက်က ဘယ်လိုမှ လက်ခံမပေးတော့ဘူးလို့ အသိပေးပြောပါရစေ။ ဘယ်သူ ဘယ်ဝါရယ်လို့ နာမည်တပ်ပြီး မပြောပါဘူး။ ကိုယ်ဘာလုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုပဲ အသိဆုံးနေပါလိမ့်မယ်။

commentinfo By: admin at May 22, 2011