Professional Authors

ရည်မှန်းချက်နှင့် ပြသနာအထွေထွေ(၁)

မေး ။  ။ဆရာခင်ဗျား ၊ ရည်မှန်းချက်နဲ့ ယုံကြည်မှု ဘာကွာခြားသလဲ။ ဒီလူ့ဘ၀ကြီးမှာဘာကိုယုံကြည်ပြီးလုပ် ဆောင်ရမှာလဲ ၊ ယုံကြည်မှုတစ်ခုကို ခိုင်မြဲဖို့လိုပါသလား။
ဖြေ ။  ။ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို ယုံကြည်တယ် . . . လှိုက်လှိုက်လှဲလှဲယုံကြည်တယ်ဆိုရင် “ငါဟာ တစ် မဂ် တစ်ဖိုလ်ရောက်ရမယ်” ဆိုတဲ့ ရည်မှန်းချက်မျိုး ၊ ဘာသာနဲ့ပတ်သတ်လို့လည်း ခရစ်ယာန် ဘာသာကို ယုံကြည် လို့ရှိရင် “ငါဟာခရစ်ယာန်သာသနာပြုလုပ်ငန်းတွေ လုပ်မယ်” ဆိုတဲ့ရည်မှန်းချက်မျိုး . . . ၊ယုံကြည် မှုရဲ့အပေါ် မှာမူတည်ပြီးတော့မှ ရည်မှန်းချက်က ပေါက်ဖွားလာတယ်။ အဲဒီတော့ ယုံကြည်မှုသည် အတော် လေးအရေးကြီး တဲ့ အပိုင်းမှာပါတယ်။ ခုနက ရည်မှန်းချက်တွေရောက်တဲ့ နေရာမှာကျတော့မှ အမျိုး မျိုးအထွေထွေ ကွဲသွား တာပဲ။ ဒီမှာ ကျွန်တော် ပြောချင်တာက ယုံကြည်မှုနဲ့ ရည်မှန်းချက်ရဲ့ သဘောပေါ့။
မေးခွန်းက လူ့ဘ၀ကြီးမှာတဲ့ ဘာကိုယုံကြည်လုပ်ဆောင်ရမှာလဲ . . . တဲ့။ နောက်တစ်ခုက “ယုံကြည်မှုတစ် ခုကို ခိုင်မြဲဖို့လိုပါသလား” ဆိုတာတတိယမေးခွန်းပေါ့လေ၊ ခိုင်မြဲဖို့လိုပါသလားဆိုတော့ . . . ကျွန်တော်ဖြေ တော့မယ်၊ ဘာသာတရားအကုန်လုံးနဲ့ အကျုံးဝင်တာ ကျွန်တော်ပြေချင်ပါတယ် ။ လူ့လောကအတွက်လဲ ကျွန်တော်ပြောပါရစေ။ အခြေခံအားဖြင့် ဘာကိုယုံကြည်သင့်သလဲဆိုရင် “လောကကြီးဟာမဆိုးဘူး ဆိုတာ” ယုံကြည်ရမယ်။ လောကကြီးကို မမုန်းပါနဲ့၊ မနာကျည်းပါနဲ့၊ ကိုယ့်ဘ၀ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်ကြောင့်မို့ လို့ မနာကျည်းပါနဲ့၊ ကိုယ့်ဘ၀ဒုက္ခတွေရောက်ခဲ့လို့ လောကကြီးကို မနာကျည်းပါနဲ့၊ လောကကြီးကိုယုံ ကြည်ပါ။. . . မဆိုးပါဘူး။ ကျွန်တော် အက်ဆေးရေးမယ်လို့ စိတ်ကူးထားတာတစ်ခု ရှိပါတယ် . . .အဲဒါကျွန် တော်ငယ်ငယ်လေးကတည်းက ဖြစ်ခဲ့တာ။
ဂျပန်ခေတ်ကြီးထဲမှာပါ၊ အဲဒီခေတ်ကြီးက ဗြဟ္မဆိုတရားမရှိ ဘာမရှိနဲ့ . . . အဲလိုပြောကြတဲ့အထဲမှာ . . . ကျွန်တော်က . . . ကျွန်တော်တို့အိမ်မှာ နွားမရှိဘူး။ ကျွန်တော်ဦးလေးက ဂျပန်ခေတ်မှာ ပျဉ်းမနားဘက်တွေ ကုန်ကူးတယ် ။ ကုန်ကူးတော့ နွားကြီး နှစ်ကောင်ခဏငှားပြီးတော့ မောင်းလာတော့ ကျွန်တော်တို့က အဲဒီ နွားကြီး ၂ ကောင်ကိုကျောင်းရတယ် ။ ကျွန်တော်ကလည်း နွားမကျောင်းဘူးတော့ နွားကျောင်းရတာ အလွန် ပျော်တယ် ။ အဲဒီနွားနှစ်ကောင်ကျောင်းတော့ “စက်စက်ယိုချောင်း” ဆိုတာရှိတယ် ၊ အဲ့ဒီချောင်းဘေးနားမှာ သရက်ပင်ကြီးလဲနေတယ် ။ လဲနေတာ ရေသောက်မြစ်က မပြတ်ဘူး ။ မပြတ်တော့အသီးတွေ သီးမြဲသီးနေ တယ်။ ဒါပေမဲ့ အပင်ကတုံးလုံးကြီး။ အဲဒီသရက်ပင်ကြီးပေါ်ကျွန်တော်တို့တက်လို့ရတယ် ၊ အိပ်ချင်လည်း အိပ်တယ် . . .။ လူသွားလမ်းဘေးမှာ သရက်သီးတွေက သီးနေတယ် ။ မမှည့်တဲ့အစိမ်းသီးတွေကို ဘယ်သူမှ မဆွတ်ဘူး ။ အလကားနေရင်းရိုက်ချသွားတာ တစ်ခါမှမတွေ့ဘူး အဲဒီမှာ “ဟာ . . . လူတွေဟာ မဆိုးပါလား”။ တွက်ကြည့်လေ ချင်ဗျားဖျက်ပစ်ခဲ့ရင်ရတယ် . . . မဖျက်ဘူး . . . လူတိုင်းတွေ့နေတာပဲ။အဲတော့ လူတွေဟာ အလကားနေရင်း အကြောင်းမဲ့ဆိုးတယ်ဆိုတာ ကျွန်တော်မယုံဘူး။ အခြေခံအားဖြင့် လူတွေဟာ ကောင်းတဲ့ စိတ်ရှိပါတယ်။အဲ့ဒီတော့ လူ့လောကကြီးကို ယုံကြည်ပါလို့ ကျွန်တော်ပြောတာ၊ လူတွေဟာယေဘုယျအား ဖြင့် ကောင်းတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ခင်ဗျားတကယ်လို့ အဲဒီမကောင်းတဲ့လူနဲ့ တွေ့ချင် တွေ့လိမ့်မယ်၊ အဲဒီလူတွေကြောင့် ကျန်တဲ့လူတွေ မကောင်းဘူးဆိုတာ မိန်းခလေးတစ်ယောက်က ကိုယ့်အ ပေါ် သစ္စာဖောက်သွားတာနဲ့ ကျန်တဲ့မိန်းခလေးတွေကို “မိန်းမဆိုတာ အလကား” ဆိုပြီး အချစ်ရှုံးပြောနည်း ပေါ့ . . . သွေးပူတုန်းပြောတဲ့စကား၊ ဟိုမိန်းခလေးကလည်း မပေါင်းလောက်တဲ့ ကိစ္စတွေ အများကြီးရှိလို့ ပစ်သွားတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့ ။ ဟုတ်လား၊ ဒါတွေက အများကြီးရှိပါတယ်။
ကျွန်တော်ပြောချင်တာက . . . ကျွန်တော့်တပည့်မ ကောင်မလေးတစ်ယောက် ပြောဖူးတာရှိတယ် ။.. ကျွန်မ ရဲ့ချစ်သူဟာတဲ့၊ ပျော်တတ်တယ် ရွှင်တတ်တယ်တဲ့၊ သိပ်ချစ်စရာကောင်းပါတယ်တဲ့၊ ဒါပေမယ့်ကျွန်မ သူ့ ကိုခွဲခဲ့ရတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ သူ့မှာတာဝန်သိစိတ်မရှိဘူးတဲ့၊ တာဝန်သိစိတ်မရှိဘူးဆိုတော့ ဆရာရယ်တဲ့ . . . ကျွန်မအဖေကတဲ့ တာဝန်သိစိတ်ရှိတယ်တဲ့ . . . အမေဆုံးသွားတော့ အဖေက နောက် အိမ်ထောင်မပြုဘူးတဲ့ . . . ကျွန်မသူ့ကို အိမ်ထောင်ပြုရင် တာဝန်သိစိတ်မရှိတဲ့အတွက် ကျွန်မမိသားစုနဲ့ ဖြစ်မှာမဟုတ်ဘူးတဲ့၊ သူနဲ့အိမ်ထောင်ပြုပြီးရင် ကျွန်မကလေးတွေကျတော့ ဘယ်လိုလုပ်မလဲ”တဲ့။ ဟ-နင် ကလည်း အိမ်ထောင်တောင်မပြုရသေးဘူး၊ ကလေးတွေအကြောင်းထည့်စဉ်းစားနေပြီလား . . . ကျွန်တော် ကပြောတော့ “ ဟုတ်ဘူးဆရာ တွေးရမှာပဲ” တဲ့၊ ဒါကြောင့်သူက ပစ်သွားခဲ့တဲ့ဥစ္စာ၊ ဒါကိုမိန်းမတစ်ယောက် ကြောင့် အားလုံးမိန်းမတွေကို လျှေက်ပြောရင် ၀တ္ထုမှာဖတ်လို့ကောင်းချင်ကောင်းမယ် . . . ရုပ်ရှင်မှာကြည့် လို့ကောင်းရင်ကောင်းမယ် . . . ဒါပေမယ့်ဒီစိတ်ဓာတ်က မကောင်းဘူး၊ ဒါကြောင့်လောကကြီးကို ယုံကြည်ပါ။ ခင်ဗျားတကယ်ကောင်းအောင်လုပ်ရင် လောကကြီးက ပိုက်ပိုက်ထွေးထွေးနဲ့ တကယ်အကျိုးပြုတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ် . . .။
ဒါဖြင့် “ယုံကြည်မှုတစ်ခုကို ခိုင်မြဲဖို့လိုပါသလားတဲ့” အဲဒီဥစ္စာခိုင်မြဲဖို့လိုပါသလားဆိုတာ. . . ကျွန်တော်သိပ္ပံနဲ့ ပြောမယ်။ တစ်ခါတုံးက ကမ္ဘာကြီးကိုနေကပတ်တယ်လို့ ယုံကြည်ခဲ့တယ်။ နောက်ကျတော့ သိပ္ပံတွေ့ရှိချက်.. မဟုတ်ဘူး .. နေကို ကမ္ဘာကပတ်တယ်။ ပထမတုံးက ရေစိမ်းတွေသောက်လို့ ငှက်ဖျားဖြစ်တယ်လို့ ပြောတယ် နောက်ခြင်ကိုက်လို့ ငှက်ဖျားပိုးဝင်တယ် ။ ယုံကြည်ချက်ပြောင်းသွားတယ်။ ဒါနဲ့ပတ်သတ်လို့ ဘာထရန်ရပ် ဆယ်လ်က ဘာပြောသလဲဆိုရင် . . .“ သိပ္ပံသမားတွေက ခုတစ်မျိုး ခုတစ်မျိုးပေါ့၊ စကားဗလောင်းဗလဲ လုပ်ရ မလားလို့ အပြစ်မတင်ဘူး။ ကျုပ်တို့ကြတော့လာလာပြောချင်တယ်. . .။ ၀ိဇ္ဇာမှာလည်း ယုံကြည်ချက် ပြောင်း တယ်ဆိုတာ သဘောပေါက်ရမယ်၊ ကျုပ်တို့ရဲ့အထောက်အထား ကျုပ်တို့ရဲ့စဉ်းစားတွေးထင်တာတွေနဲ့ ပြောင်းလဲချင်ပြောင်းလဲမှာပေါ့” တဲ့။ မှန်တယ် . . . ယုံကြည်ချက်ဟာ ဘယ်လိုပြောင်းလဲနိုင်သလဲ တွက်ကြည့် တော့မယ်နော် . . .သိပ်အရေးကြီးတာပြောတော့မှာ၊ လူ့လောကကြီးကို ယုံကြည်ပါ။ ချစ်ပါလို့ ကျုပ်ပြောခဲ့ တယ်နော်။ ဒါပေမယ့် ခင်ဗျားနိဗ္ဗာန်ရောက်ချင်ရင်တော့ လောကကြီးနဲ့မနေနဲ့၊ အဲ့ဒါသည် “ငါ့အန္တရာယ်” လို့  သဘောထားရမယ်။ ဥပမာ . . . စကားရှည်နေမှာဆိုးလို့ပါ။ ဘုန်းကြီးတစ်ပါးပြောတာပြောပြလိုက်အုံးမယ်။ ကျွန်တော်တို့ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်။ အဲဒီရွှေဥမင်ဆရာတော်။ တောင်ဖီလာဆရာ တော်က “မင်းဆရာတော်”၊ သာသနာပိုင်။ အဲဒီရွှေဥမင်ဆရာတော်က တောရကျောင်းမှာနေတာ၊ တောင်ဖီ လာဆရာတော်က သွားစကားပြောတာ၊ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်တို့ စကားပြောကြ တဲ့အခါ “ အရှင်ဘုရား တပည့်တော် သင်္ကန်းလှူပါရစေဘုရား”တဲ့၊ “ သာဓု . . . သာဓု. . . သာဓု.. လှူပါ. . . ” တဲ့၊ လက်ခံလည်းပြီးရော “ရွှေစည်းခုံ လှူပါ၏” တဲ့၊ ဘေးချထားတယ်။ ပြီးတော့ “ သပိတ်လှူပါ၏” တဲ့၊“သာ ဓု သာဓု သာဓု” တဲ့၊ “ရွှေစည်းခုံ လှူပါ၏။ ရွှေစည်းခုံကို မှန်းမှန်းပြီး လှူပစ်နေတယ်။ ရွှေစည်းခုံဆိုတာ ကျောင်းတိုက်ကြီး၊ ပြီးတော့သွားပို့မယ်။ တောင်ဖီလာကလည်း နည်းနည်းလေးတော့ တစ်မျိုးဖြစ်သွားတယ်၊ ပြီးတော့မှ “ အရှင်ဘုရား၊ တစ်ပါးတည်း သီတင်းသုံးသလား”၊ “ ဟုတ်ပါတယ် မင်းဆရာ” တဲ့။ “အရှင်ဘုရား တစ်ပါးတည်းနေရတာ မကြောက်ဘူးလား”တဲ့၊ “ကြောက်လို့မို့ တောထဲနေရတာပေါ့”တဲ့၊ အဲတော့ အနားက ကပ္ပိယက ၊ ဦးသူတော်က မျက်နှာပျက်သွားတယ်။ မင်းဆရာပြန်တော့မှ ဘုန်းကြီးကလည်းတဲ့၊ “မင်းဆရာ ရှေ့မှာ ဘယ်လိုလုပ်တာလဲ” တဲ့၊ “ သူ့ရှေ့မှာရွှေစည်းခုံလှူပါ၏ ဆိုတော့ မကောင်းဘူး”တဲ့။ ပြီးတော့တစ်ပါး တည်းနေရတာ မကြောက်ဘူးလားဆိုတော့ မကြောက်လို့ မကြောက်ဘဲ တစ်ပါးတည်းနေတာလို့ ပြောပေါ့” တဲ့။ “ကြောက်လို့တစ်ပါးတည်းနေရတာဆိုတော့” တဲ့။ အဲတော့ ရွှေဥမင်က “မင်းဆရာ၊ တောင်ဖီလာဟာ အခြွေအရံတွေကြားမှာ ပျော်မွေ့နေပြီ၊ ငါသူ့ကိုသနားလို့ “ကြောက်လို့တစ်ပါးတည်းနေတာပါလို့” ပြောလိုက် တာ၊ သူက တောထဲကကျားတွေ၊ ကျားသစ်တွေကြောက်သလားလို့မေးတာ၊ ငါက မြို့ပေါ်မှာရှိတဲ့ အချွေအရံ တွေနဲ့၊ ကာမဂုဏ်တွေကိုကြောက်တယ်၊ ကျားတွေကိုက်လို့သေတာဒီဘ၀ပေါ့။ အဲဒီကာမဂုဏ် အကောင် တွေကိုက်တော့ သံသရာပါ သေတာ” တဲ့။ ဟော . . . သူ့ယုံကြည်ချက်ပြောင်းသွားပြီ၊ ကျွန်တော်ခုနကပြော ခဲ့တဲ့ လူ့လောကကြီးကိုချစ်ပါ ယုံကြည်ပါလို့ပြောတယ် မဟုတ်လား၊ ဒါ ခင်ဗျားအဲ့ဒါလိုမျိုးလုပ်ချင်ပြီဆို ပြောင်းပစ်ရမှာပေါ့ ။ အဲဒီလောကကြီးကိုစွန့်သွား ။ ခုနကပြောခဲ့တဲ့အတိုင်း ရည်မှန်းချက်ယုံကြည်ချက်ဟာ ပြောင်းသွားတတ်ပါတယ်၊ ပြောင်းသွားတယ်ဆိုတာ အကြောင်းအကျိုးဆီလျှော်စွာပြောင်းသွားတတ်ပါတယ်။

ခုနက တောထွက်သွားတဲ့ ဆရာတော်ကြီးသည် လောကကြီးကို မုန်းလို့၊ နာကျည်းလို့ တောထွက်သွားတာ မ ဟုတ်ဘူး။ ဒါပေမယ့် အခြေခံအားဖြင့်ကတော့ ကျွန်တော် တစ်ယောက်တည်း မနေနိုင်သမျှကာလပတ်လုံး၊ လောကကြီးကိုချစ်နိုင်အောင် ကျွန်တော်ကြိုးစားမှာပဲ၊ ကိုယ့်ကိုယ်ကို လောကကြီးကို မုန်းတဲ့စိတ်ရှိသလား ပြန်ကြည့်၊ လောကကြီးထဲမှာ ဒီကောင်မကောင်းဘူး၊ ဟိုကောင်မကောင်းဘူးပြောချင်ပြောနိုင်တယ်။ ဒါပေမဲ့ သူတို့ကြောင့်လောကကြီးကို မနာကျည်းဖို့ပဲလိုပါတယ် ။ အဲ့ဒီတော့ ဒီအဖြေဟာ ဒါလောက်ဆိုရင်ရလောက် မယ်လို့ ထင်ပါတယ်။ အားလုံးအခြေခံကတော့ တစ်ချက်တည်းပါ ။ လောကကြီးကိုချစ်ပါ။ ဒါပါပဲ။

ဆရာ အောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ဟောပြောချက်များမှ
In: ဆောင်းပါး Posted By: Date: Mar 25, 2011
Comment #1

Like…/

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment